Skip to main content

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်စေရန် သင်ကြားပေးလျက်ရှိ

နေပြည်တော် ဇွန် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်သည်။

အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ မောင်မယ်သစ်လွင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာဒုတိယဝန်ကြီးက ပညာထူးချွန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်း များသည် နိုင်ငံတော်အတွက် အားထားရမည့်သူများဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက် ရှိသကဲ့သို့ မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာအနုပညာရပ်များကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြ ရမည်ဖြစ်ကြောင်း။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပါဝင်အစွမ်းပြခွင့် ရရှိတော့မည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် အနုသုခုမပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူကြပြီး ကိုယ်ကျင့်တရားကောင်းမွန်၍ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက တက္ကသိုလ်မောင်မယ်များအဖြစ် ရွေးချယ်ခြင်းခံရသော ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ မောင်ကျော်ဝေယံလင်းနှင့် ဂီတပညာဌာနက မဆုမြတ်သူတို့အား စလွယ်နှင့်သရဖူတို့ကို ချီးမြှင့်ပြီး အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ပင်မအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသားကျောင်းသူများ ပညာသင်ယူနေမှုနှင့် ကျောင်း ပရဝဏ်သာယာလှပရေး ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်