နေပြည်တော် ဇွန် ၉
“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးဆိုင်ရာမြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးစိန်ဝင်းနှင့် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ပထမအပတ်တွင် AHA Centre နှင့် ASEAN-ERAT အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည့် လိုအပ်ချက်ပူးတွဲလေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ယင်းလုပ်ငန်းစဉ် ထိထိရောက်ရောက် အောင်မြင်စေရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအပေါ် ဆွေးနွေးကြသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် မေ ၆ ရက်၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးရလဒ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် ရှင်းလင်းပြောကြားပြီး ညှိနှိုင်းအစည်း အဝေးရလဒ်တစ်ခုဖြစ်သည့် ပူးတွဲကာကွယ်ဆေးထိုးနှံရေးမူဘောင်နှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက AHA Centre မှ တစ်ဆင့် မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များကလည်း လိုအပ်ချက်ပူးတွဲလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် လုံခြုံစွာနှင့်အောင်မြင်မှုရှိစွာ ပြီးမြောက်စေရေးအပါအဝင် အာဆီယံ၏လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးလုပ်ငန်းများတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။
သတင်းစဉ်