Skip to main content

နိုင်ငံတကာဥပဒေလေးစား အကြမ်းဖက်သမားဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည့် အကြမ်းဖက် NUG အဖွဲ့ဝင်နှစ်ဦးအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ “သေဒဏ်” အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သမားနှစ်ဦးတွင် တရားခံဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက်အဖွဲ့များက ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်ကိုးဦး၊ အပြစ်မဲ့ ပြည်သူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့ကြောင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အနီးကပ်စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများအား ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့အပြင် ၎င်းသည် အကြမ်းဖက်အဖွဲ့များ အသုံးပြုရန်အတွက် လက်နက်ခဲယမ်းများအား နေအိမ်တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ရန်ကုန်မြို့အတွင်းရှိ အကြမ်းဖက်အဖွဲ့ ၂၀ ကို ဦးဆောင်၍  အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခြင်း၊ လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာ ရုံးများနှင့် နယ်မြေခံတပ်များအား တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီစဉ်ညွှန်ကြားသည့်ပြစ်မှုများ အထင်အရှားကျူးလွန်ခဲ့သဖြင့် “သေဒဏ်” အမိန့်ချမှတ်ခဲ့သည်။

တရားခံကျော်မင်းယု(ခ)ဂျင်မီသည်လည်း အလားတူအကြမ်းဖက်လုပ်ငန်း များဆောင်ရွက်ရန် အဓိကစီစဉ်ဆောင်ရွက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ NUG/ CRPH/ PDF အကြမ်းဖက်အဖွဲ့များနှင့် လက်အောက်ခံအဖွဲ့များသို့ လက်နက်ခဲယမ်းများဝယ်ယူရန် ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်ထုတ်လုပ်ရန်ပစ္စည်းများကို NUG အကြမ်းဖက်အဖွဲ့သို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့များသို့ ငွေကြေးထောက်ပံ့ရန် ငွေကြေးလဲလှယ်မှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အလားတူဥပဒေပုဒ်မများအရ “သေဒဏ်” အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အပြစ်မဲ့ပြည်သူများအား အကြောက်တရားကြီးမားလာစေရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် အဓိကကြိုးကိုင်စီစဉ်သူများအဖြစ် ပြစ်မှုအထင်အရှား တွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ ထိုက်တန်သောအပြစ်ကို ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီရက်ပိုင်းက ပြင်သစ်၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရုံးနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ တာဝန်မဲ့ထုတ်ပြန်ပြောကြားချက်များသည် အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ပြည်သူ အများအပြား သေကျေဒဏ်ရာရစေပြီး အစိုးရနှင့်ပုဂ္ဂလိကပိုင် အဆောက်အအုံနှင့်ပစ္စည်းများကို ဖျက်ဆီးခဲ့သည့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့များဖြစ်သော NUG နှင့် PDF တို့၏ တစိုက်မတ်မတ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများကို လျစ်လျူရှုမျက်ကွယ် ပြုထားသည်ကိုတွေ့ရသည်။ ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် တည်ဆဲအစိုးရအား မလျော်ကန်သောအသုံးအနှုန်းဖြင့် ဖော်ပြခဲ့ရာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေပါသည်။

နိုင်ငံအချို့နှင့်အဖွဲ့အစည်းအချို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၂ တွင် ရှင်းလင်းစွာဖော်ပြထားသည့် နိုင်ငံများ၏အချုပ်အခြာအာဏာ တန်းတူညီမျှမှုစည်းမျဉ်းကို လိုက်နာရန်ပျက်ကွက်လျက်ရှိပြီး လယ်ပြင်မှာဆင်သွားသကဲ့သို့ အထင်အရှားပေါ်လွင်နေသည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်ရက်စက်သည့် လုပ်ရပ်များကို မျက်ကွယ်ပြုလျက်ရှိသည့်အပြင် အားပေးအားမြှောက်ပြုလုပ်နေကြသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိနေရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ပြုလုပ်နေသည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။