နေပြည်တော် ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများတင်ပြ
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဆိုင်ရာအချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းဒေသကြီး သာယာလှပရေး စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းယန္တရားများအားလုံး အမြဲမပြတ် လည်ပတ်နေရမည်ဖြစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေများအရ နိုင်ငံတော်၏တာဝန်များကို တာဝန်ယူထမ်းဆောင်ခဲ့ရပြီး ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ်အတွင်း နိုင်ငံရေးအရဖြေရှင်း၍ရသည်များကိုလည်း ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဆောင်ရွက်နေကြသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း ရပ်တန့်နေ၍မရကြောင်း၊ ထို့ကြောင့် လုပ်သင့်လုပ်ထိုက်သည်များ အားလုံးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပညာသင်ကြားရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများနှင့် အခြားလိုအပ်ချက်ရှိသည့် ကဏ္ဍပေါင်းစုံတို့ကို အမြဲမပြတ်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကြွယ်ဝသည့် မျိုးဆက်သစ် ပညာတတ်လူသားအရင်းအမြစ်များများစွာ မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ အတန်းပညာရှိမှသာလျင် အတတ်ပညာကို တတ်မြောက်အောင် သင်ကြားနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ထုတ်ပြန်သည့် လူဦးရေ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သဖြင့် ပညာသင်ကြားမှုများ ခေတ္တရပ်တန့်ခဲ့ရကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရမှ ကျောင်းများပြန်လည်ဖွင့်လှစ်ပေးပြီး ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ပေးထား သည့်အခါတွင်လည်း အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အစိုးရမှ ထောက်ပံ့ပေးသည့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု ပစ္စည်းများနှင့်ပညာရေး အဆောက်အဦများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖြစ်ဖွယ် ကြားသိနေရကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံကိုဖျက်ဆီးနေခြင်းပင်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုများ ဖြစ်ပေါ်စေကြောင်း၊ ရန်ကုန်မြို့တွင် ပညာသင်ကြားရေးနှင့်ပတ်သက်၍ အဓိကကျသည့် တက္ကသိုလ်ကြီးများရှိသည့်အပြင် အဘက်ဘက်မှ အားသာချက်များရှိကြောင်း၊ ယခင်က အစိုးရရုံးစိုက်ရာ မြို့တော်တစ်ခုဖြစ်ခဲ့ပြီး အခြေခံကောင်းများရှိပြီးဖြစ်သဖြင့် အသုံးချဆောင်ရွက်ကြရန်လိုကြောင်း။
အဓိက မောင်းနှင်အားဖြစ်သည့် စီးပွားရေးမောင်းနှင်အားကိုဖွံ့ဖြိုးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်ရမည်
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အား သုံးမျိုးရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှုရှိပါက နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အား ကောင်းမွန်ပါက ကာကွယ်ရေးအင်အားကောင်းမွန်မည်ဖြစ်ကြောင်း၊ ၎င်းအင်အားနှစ်ခု ကောင်းမွန်ရန်အတွက် အခြေခံမှာ စီးပွားရေးအင်အားဖြစ်၍ စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်အတွက် အဓိကကျကြောင်း၊ ထို့ကြောင့် မြို့နယ်စီးပွားရေးမှ ခရိုင်စီးပွားရေး၊ ၎င်းမှဒေသအဆင့်၊ ၎င်းမှနိုင်ငံတော်အဆင့်အထိ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းများရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သို့သော် စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်နှုန်းများ နည်းနေသေးသည် ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်၍ တစ်ဧကချင်းအထွက်နှုန်းများ ပိုမိုတိုးတက်ကောင်း မွန်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံအတွင်းစားရေရိက္ခာပေါများလာပါက နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားများထုတ်ယူနိုင်သည့် မြစ်ချောင်းများများစွာ ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ မရှိသေးကြောင်း၊ ထို့ကြောင့် မြန်ဆန်စွာပြီးမြောက်နိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်ရန် လိုသကဲ့သို့ လျှပ်စစ်ဓာတ်အားများကိုလည်း ချွေတာသုံးစွဲကြရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများကိုလည်း ခြိုးခြံချွေတာကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကိုလည်း စည်းကမ်းစနစ်တကျဖြင့် သုံးစွဲရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ချွေတာနိုင်သည့် လျှပ်စစ်မီးများကို ပြောင်းလဲအသုံးပြု နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း၊ သို့သော်ဆီထုတ်လုပ်ရာတွင် အထွက်နှုန်းများနည်းပါးသဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ်မှန်ကန်ရန်စသည့် အချက်များနှင့် ပြည့်စုံပါက တစ်ဧကချင်းအထွက်နှုန်းများတိုးတက်ကောင်းမွန်လာမည် ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန်လိုကြောင်း။
ရန်ကုန်မြို့နေပြည်သူများ စားရေးအဆင်ပြေမှုရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ရောင်းချပေးလျက်ရှိကြောင်း၊ ဒေသတွင်းစားရေးဖူလုံအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းရောင်းဝယ်မှုများ ကောင်းမွန်လာပြီး စီးပွားရေးကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုအနေဖြင့်လည်း ပြင်မှဝယ်ယူသုံးစွဲခြင်းထက် နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုများဆောင်ရွက်၍ ဖြည့်ဆည်းဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်ပြီး ကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခင်အစိုးရနှစ်ခု လက်ထက်က ကုန်သွယ်မှုလိုငွေများစွာရှိခဲ့ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပငွေကြေးသုံးစွဲမှုများရှိကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့်ငြိမ်းချမ်းရေး
နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့၍ စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါပြည်သူများ လိုလားသည့် နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖော်ဆောင်ရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းနှင့်ပြည်နယ်များ၊ လူမျိုးစုများစုစည်းလုပ်ကိုင်ခွင့်များကို ပေါင်းစည်းနေထိုင်သည့်အယူအဆ၊ မျှဝေခံစားသည့် အယူအဆဟု မှတ်သားဖူးကြောင်း၊ ဖက်ဒရယ်စနစ် ကိုကျင့်သုံးနေသည့် နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံအုပ်ချုပ်မှုပုံစံများမတူညီကြဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်ရေး စနစ်ကိုသာ ကျင့်သုံးနေကြကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သဘောထား ကွဲပြားမှုကြောင့် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။
ဒီမိုကရေစီတွင်တူညီသည့် အခွင့်အရေးများပေးရမည်ဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်တွင်လည်း တူညီသည့် အခွင့်အရေးများပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေမှုများရှိခဲ့ပြီး ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်၍ နိုင်ငံငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကို အကြောင်းပြ၍ အကြမ်းဖက်သတ်ဖြတ်မှုများဆောင်ရွက်နေသူများကို ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေး၌ ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သတ်ဖြတ်မှုများကို နိုင်ငံတကာတွင်လည်း လက်မခံကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းများအရ ဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ အကြောင်းအမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုနိုင်ကြကြောင်း၊ မိမိတို့သည် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အတိုင်း ခိုင်မြဲစွာ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့များအနေဖြင့် မိမိကမ်းလှမ်းထားသည့်အတိုင်း ထပ်မံဖိတ်ခေါ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိတာဝန်ယူရသည့် လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရမည်
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်မှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဌာနဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီး ပြည်သူများ၏ယုံကြည်မှုရှိစေရေး နေထိုင်ပြုမူဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းတာဝန်ကိုထမ်းဆောင်သည်ဖြစ်စေ အလေးထား ဆောင်ရွက်ရန်နှင့် မိမိ၏လုပ်ငန်းတာဝန်ကို လေးစားစွာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းများကို အလေးထားဆောင်ရွက်မည်ဆိုပါက လုပ်ငန်းအောင်မြင်မှုများ ရရှိလာမည်ဖြစ်ပြီး ပညာရပ်ပိုင်းဆိုင်ရာများကိုလည်း အလေးထားသင်ယူလေ့လာ၍ ပညာရပ်ပိုင်းနှင့်လုပ်ငန်းပိုင်းတို့တွင် အောင်မြင်မှုများရရှိအောင်၊ မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်လုပ်ငန်းဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦး လေးစားစွာဖြင့် ဆောင်ရွက်ကြရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာလျင် လုပ်ငန်းများအားလုံးကို အောင်မြင်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိကြရာ စီမံကိန်းအစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တံတားတည်ဆောက်ရေးစီမံကိန်း၏ သမိုင်းကြောင်းနှင့် စီမံကိန်းဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုအားတို့ကိုပါ ထည့်သွင်းစဉ်းစားတွက်ချက် ဆောင်ရွက်ကြစေလိုကြောင်း၊ တံတားချဉ်းကပ်လမ်းပိုင်းနေရာများသည် လူနေတိုက်များနှင့် နီးကပ်မှုရှိနေသဖြင့် သဘာဝဘေးအန္တရာယ်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အလေးထားစဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ရေယာဉ်များလွတ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက်လည်း ရေလမ်းကင်းလွတ်အမြင့်ကိုတွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ဦးစားပေးအလိုက် ဆောင်ရွက်သင့်သည်များ ပြီးစီးရေးဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားတည်ဆောက်ရေးစီမံကိန်းရှိ ရန်ကုန်ဘက်ခြမ်း Main Bridge Pylon 2 နေရာတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော် ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable - Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါကရန်ကုန်မြို့မှဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။