နေပြည်တော် ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (တည်သီးတော)အား PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် Drone ယာဉ်များ အသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (တည်သီးတော)၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စာသင်ကြားပေးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်ဖြင့် Drone ယာဉ်များအသုံးပြု၍ လက်လုပ်ဗုံးသီးများဖြင့် လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ Drone များသည်ကျောင်း၏ အနောက်တောင်ဘက်သို့ မောင်းနှင်သွားသဖြင့် အဆိုပါကျောင်းအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ချခဲ့ရာ DJI-1313 အမျိုးအစား Drone ၁ စီးအား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများ၏ Drone ဖြင့် ဗုံးခွဲမှုကြောင့် ကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းဆောင်များပေါ်သို့ ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် အဆိုပါပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။
ထို့အပြင် ဇွန်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာနေ အဆိုပါကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်တံခါးပေါက်အနီးသို့ PDF အမည်ခံအကြမ်းဖက် သမားများက “ကလေးသူငယ်များအား ပညာသင်ကြားမှုမပြုရန်နှင့် သင်ကြားမည်ဆိုပါက ဆရာမကြီးရဲ့အသက်ကို အာမခံမပေးနိုင်ပါ” ဟူသောစာသားပါ ခြိမ်းခြောက်စာတစ်စောင်ကို 9MM LUGER ကျည်တစ်တောင့်နှင့်အတူ ပေးပို့ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရား ဖြင့်ထောက်ခံအားပေးလာစေရန် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စက်ဆုတ်ရွံရှာလျက်ပြီး အဖွဲ့အသီးသီးကလည်း ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ ကျောင်းအဆောက်အဦများအား Drone ယာဉ်များဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများ၊ ကျောင်းအုပ်ဆရာမကြီး၏နေအိမ်သို့ ခြိမ်းခြောက်စာပေးပို့ခဲ့သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။