နေပြည်တော် ဇွန် ၉
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး ခေါင်းဆောင်အင်အား ၂၀ ဦးခန့်သည် တုတ်၊ ဓါးများကိုင်ဆောင်၍ လှိုင်သာယာမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၌ အိမ်ငှားနေထိုင်သူ အမျိုးသမီး ၁ ဦး၏ နေအိမ်သို့ ရောက်ရှိလာပြီး ညဘက်သံပုံးမတီးသဖြင့် သူလျှို၊ ဒလန်ဟုစွပ်စွဲကာ စစ်ဆေးမည်ဟုပြောဆို၍ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် တရားခံလှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးကို ဖမ်းဆီးရမိခဲ့သည့် သတင်းအား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၂၂ ရက်တို့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဖမ်းဆီးရမိတရားခံ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး၏ ထွက်ဆိုချက်များ အရ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက် ည ၉ နာရီခန့်တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး ခေါင်းဆောင်ပြီး မြင့်မြင့်အေး၊ တင်ထွန်းအောင်(ခ)မိုးလျှံ၊ သန့်ဇော်ဦးနှင့် မင်းမင်း(ခ)အောင်မင်းဦး အပါအဝင် လှိုင်သာယာမြို့နယ်၊ အောင်မေတ္တာရပ်ကွက်အတွင်းရှိ ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်သည် အဆိုပါရပ်ကွက်အတွင်း နေထိုင်သည့် အပြစ်မဲ့ပြည်သူအမျိုးသမီး ၁ ဦးနှင့် အိမ်အကူအမျိုးသမီး ၁ ဦးတို့အား သံပုံးမတီးခြင်းကို အကြောင်းပြကာ သူလျှို၊ ဒလန်ဟု စွပ်စွဲပြီးလက်ပြန်ကြိုးတုတ်နှောင်ကာ သုံးဘီးယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သောင်ကြီးဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်၍ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သောင်ကြီး ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များမှ ကျောင်းဝင်းအတွင်း နှိပ်စက်ညှဉ်းပန်းမှုများမပြုလုပ်ရန် မေတ္တာရပ်ခံသဖြင့် အဆိုပါအမျိုးသမီး ၂ ဦးအား အောင်မေတ္တာရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံသို့ ရွှေ့ပြောင်းခေါ်ဆောင်၍ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနောက် အမျိုးသမီး၏နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ကာ နေအိမ်အားသော့ခတ်၍ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
မတ်လ ၁၅ ရက် နံနက် ၁၀၀၀ နာရီခန့်တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရတို့သည် အိမ်အကူအမျိုးသမီးအား နေအိမ်တွင် ပိတ်လှောင်ထားခဲ့ပြီး အပြစ်မဲ့ပြည်သူအမျိုးသမီးအား တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအနီးသို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်၍ လူသွားလူလာနည်းပါးသည့်နေရာတွင် အသင့်ယူဆောင်လာသော အရိုးအသွား ၉ လက်မခန့်ရှိ နှစ်ဖက်သွားဓါးဖြင့် ၅ ချက် ထိုးခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူအမျိုးသမီးမှာ ဒဏ်ရာဖြင့် ရုန်းကန်နေစဉ် အောင်သူရဇော် (ခ)ကတုံး(ခ)သူရမှ ၎င်းအမျိုးသမီး ဝတ်ဆင်ထားသည့် လော့ကတ်သီးပါ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်စွပ် ၁ ကွင်းတို့အား ဖြုတ်ယူပြီး ကားအောက်သို့ဆွဲချကာ ဓါးဖြင့် ၂ ချက် ထပ်မံထိုး၍ ရက်စက်စွာ မသေမချင်းသတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူ အမျိုးသမီး၏ အလောင်းအား ချုံပုတ်အတွင်း၌ ပစ်ထားခဲ့ကြောင်းဖော်ထုတ် သိရှိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အပြစ်မဲ့ပြည်သူအမျိုးသမီး ၁ ဦးအား သူလျှို၊ ဒလန်ဟု စွပ်စွဲ၍ အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး၊ အောင်သူရဇော်(ခ)ကတုံး(ခ)သူရ၊ တင်ထွန်းအောင် (ခ)မိုးလျှံနှင့် မြင့်မြင့်အေးတို့အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။