နေပြည်တော် ဇွန် ၉
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအနေဖြင့် အာဆီယံ၏တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကို အစဉ်တစိုက် အကူအညီပေးနေမှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ မမျှော်မှန်းနိုင်သည့် အခက်အခဲများကြောင့် အာဆီယံ၏တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်အတွက် လုံလောက်သည့် အချိန်လိုအပ်ပါကြောင်းနှင့် ထိရောက်သောတိုးတက်မှုများ ပေါ်ထွက်လာစေရန် လုပ်ငန်းစဉ်အားလုံးသည် လက်တွေ့ကျရန်လိုအပ်ပါကြောင်း ပြောကြားသည်။ H.E. Dr. KUNG Phoak က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့်ပူးပေါင်း၍ အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်