Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ယင်းတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် H.E. Dr. KUNG Phoak က မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံမှ ယူဆပါကြောင်း၊ အာဆီယံ၏တူညီဆန္ဒ(၅)ချက်၏ စတုတ္ထအချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် လိုအပ်ချက်ဆန်းစစ်ခြင်းလုပ်ငန်းများအပါအဝင် ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အားရပါကြောင်း၊ ကျန်ရှိသည့်အချက်များနှင့်ပတ်သက်၍ အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်သွားရန် ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည့်ဝသောဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးသည် အခြေခံအုတ်မြစ်များဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးကိုရည်မျှော်၍ အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ဆောင်ရေး၌ သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်သည့်ကိစ္စရပ်များသည် နိုင်ငံ၏ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြုသင့်ပါကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်