နေပြည်တော် ဇွန် ၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနနီလာခန်းမ၌ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးနှင့် သွားလာလည်ပတ်နေမှုများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ ကိုဗစ် ပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်းခရီးသွားလာမှုများ စတင်တိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Commercial Flight များစတင် ဆင်းဆက်ခဲ့ပြီး မေ ၂၀ ရက်မှစ၍ Tourist Visa ဖြင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်စေနိုင်ရန် စတင်ခွင့်ပြုခဲ့ရာ မေ ၂၄ ရက်မှစတင်၍ ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း၊ ယနေ့အထိ နိုင်ငံပေါင်း (၂၇) နိုင်ငံမှ ဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လည်ပတ်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နေ့စဉ်နိုင်ငံတကာလေကြောင်းလိုင်း (၈)ခု ဆင်းသက်လျက်ရှိကြောင်း၊ ဧည့်သည်များကို ဝန်ဆောင်မှုပြုနိုင်ရန်အတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ Entry Point များတွင် Information Counter များ ဆောင်ရွက်ထားရှိကြောင်း၊ Guest List Management System (GLMS) စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်၍ မရသည့်အတွက် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် ဟိုတယ်၊ တည်းခိုရိပ်သာများတွင် လုံခြုံရေးကိစ္စများအတွက် ကြိုတင်ဆောင်ရွက်ထားရန်ကိုလည်း လုပ်ငန်းရှင်များသို့ ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောကြားထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်