Skip to main content

တရားမဝင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောက်စိမ်းအရိုင်းတုံးများနှင့် စက်သုံးဆီများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော  စတီးရေပိုက်ခေါင်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လယ်ပြင်ပူးပေါင်းစစ်‌ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လုံးခင်း‌ကျေးရွာဘက်မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ(၂၉၁)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၇၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့နယ်အတွင်း တရားမဝင် စက်သုံးဆီ (၉၆၀၀)ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၆၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၄၇၀,၀၀၀)ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၇၅၅,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်