နေပြည်တော် ဇွန် ၉
တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကကြီးများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကဖြစ်သည့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နာယကကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်သည်။
အစီအစဉ်အရ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက အလုပ်အမှုဆောင် အဖွဲ့များ၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီသည် အင်ဂျင်နီယာလုပ်ငန်းများ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ လုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်၊ စည်းကမ်းထိန်းသိမ်းရန်၊ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရန်အတွက် ဥပဒေအရ ဖွဲ့စည်းထားသည့် ပညာရှင်အဖွဲ့အစည်း (Professional Statutory and Regulatory Body) တစ်ရပ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ (၂၈)ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် အင်ဂျင်နီယာ ကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါ တတိယသက်တမ်းသို့ပင်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေပုဒ်မ ၄၅ အရ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်တို့သည် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ကောင်စီ၏ ဥပဒေ၊ နည်းဥပဒေပါအတိုင်း ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နိုင်ငံတော်ရှိ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နဲ့ အရည်အသွေးမြှင့်တင်ရေးဆောင်ရွက်ရာမှာ တစ်ဦးချင်းအဆင့် (Individual Level)၊ အဖွဲ့အစည်းဆိုင်ရာအဆင့် (Institutional Level)သာမက တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှု၊ ပြင်ပပတ်ဝန်းကျင်နှင့် အပြန်အလှန်ဆက်သွယ် ဆောင်ရွက်မှုတို့ပါဝင်သည့် အားလုံးလွှမ်းခြုံနိုင်သော စနစ်အဆင့် (Systemic Level) အထိ ရောက်ရှိအောင် လုပ်ဆောင် သင့်ပါကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသည့် အတိုင်ပင်ခံအင်ဂျင်နီယာများ (Consulting Engineer) ကို အင်ဂျင်နီယာပညာရှင် များထဲမှ မွေးမြူလေ့ကျင့်ပေးရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်