နေပြည်တော် ဇွန် ၉
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က မြေယာများကို အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးစွမ်းအား တိုးတက်လာစေရန် စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ လယ်ယာသုံးစက်ကရိယာများနှင့် သွင်းအားစုပစ္စည်းများ အသုံးပြုနိုင်ရေး ဘက်စုံကဏ္ဍစုံမှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန်အတွက် လယ်ယာမြေဥပဒေနှင့်အညီ လျှောက်ထားလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးနိုင်သည့် ဧရိယာများအပါအဝင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ထားသည့်ဧရိယာများ မလျော့ပါးစေရေးတို့ကို အလေးထားစိစစ်ဆောင်ရွက်ရန် လိုကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိရန် လျှောက်ထားလာပါက လယ်ယာမြေဥပဒေနှင့်အညီ တောင်သူများကို ခွင့်ပြုထုတ်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပျောက်ဆုံးပါကလည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေများပေါ်တွင် ပြောင်းလဲအသုံးပြုမည့် အကြောင်းအရာများနှင့်ပတ်သက်သည့် လျှောက်ထားလွှာများနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)