နေပြည်တော် ဇွန် ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီ(၂)လမ်းရှိ ဝန်ကြီးဌာနပရိဝုဏ်တွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင် ကျွန်းပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် အမြင့်(၂)ပေနှင့်အထက်ရှိသော နှစ်ရှည်ပျိုးပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။ ယမန်နှစ်မိုးရာသီတွင်စိုက်ပျိုးခဲ့သော ကျွန်း၊ ပျဉ်းကတိုး နှစ်ရှည်ပင်များ ရှင်သန်မှုမှာ (၇၇)ရာခိုင်နှုန်းကျော်ရှိပြီး ယခုနှစ်စိုက်ပျိုးမှုအဖြစ် ကျွန်းအပင်(၃၀၀)၊ ပျဉ်းမအပင် (၅၀)၊ ပိတောက်အပင် (၅၀)၊ ငုဝါအပင် (၅၀)၊ စိန်ပန်းအပင် (၅၀) စုစုပေါင်း နှစ်ရှည်ပင် (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို အဆိုပါ ရုံးအမှတ်(၂၃) ပရိဝုဏ်အတွင်းရှိ မင်္ဂလာကန်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ငါးကြင်းသားပေါက်များကို ငါးမျိုးစိုက်ထည့်ပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ဆက်လက်၍ မင်္ဂလာကန်အတွင်းသို့ ငါးကြင်းသားပေါက်ကောင်ရေ(၅၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်