Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဖိုရမ်ကျင်းပမည့် (၃)ရက်တာ ကာလအတွင်းတွင် ဒေသအလိုက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အခြေအနေများ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အကြောင်းအရာများ၊ ဆောင်ရွက်သင့်သည့် အချက်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါကြောင်း။

ခေါင်းစဉ်များအလိုက် ထွက်ပေါ်လာသည့် အကျိုးရလဒ်များကို အခြေခံကာ နိုင်ငံတော်က သတ်မှတ်ထားသည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မှာဖြစ်သည့်အတွက် ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာဆုံးရှုံးသည့်အခါနှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးဖွယ်ရှိလျှင် ကာကွယ်စောင့်ရှောက်မှု ရရှိရေးအတွက် သက်ဆိုင်ရာများသို့ နည်းဥပဒေပါ တင်ပြရမည့်ပုံစံများအတိုင်း တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားသည်။

ထို့နောက် ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ဖိုရမ်ဆွေးနွေးမှုများကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံရေး သမိုင်းကြောင်းများ၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များတို့ကို ဟောပြောဆွေးနွေးသည်။

ယနေ့ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ကို ဇွန် (၈)ရက်မှ (၁၀)ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)