Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကော်ဖီနှင့် လက်ဖက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၈

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်ဖီနှင့် လက်ဖက်သီးနှံ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူအစုအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အားပေးကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကော်ဖီနှင့် လက်ဖက်သီးနှံ အစုအဖွဲ့များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာ့ကော်ဖီကို ရည်မှန်းထားသည့်အတိုင်း မြန်မာ့နိုင်ငံ၏ အရည်အသွေးမြင့် အဓိကပို့ကုန် ဖြစ်လာအောင် ဆောင်ရွက်ရာတွင် ဧရိယာတိုးချဲ့စိုက်ပျိုးရန်နှင့် အရည်အသွေး ပိုမိုကောင်းမွန်လာရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ကော်ဖီဗဟိုအဖွဲ့အောက်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသည့် ဒေသများရှိ အသေးစား၊ အလတ်စားများ အစုအဖွဲ့များကို ဦးစားပေးကာ တိုးချဲ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စျေးကွက်တစ်ပါတည်း ရရှိရေးအတွက် ပြုပြင်ထုတ်လုပ်သူများနှင့် ချိတ်ဆက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ရောင်းဝယ်မှုအပိုင်းတွင် အရည်အသွေးထိန်းသိမ်းရန် လိုအပ်သည့် ဓါတ်ခွဲခန်းများ အသုံးပြုနိုင်ရေးနှင့် ကော်ဖီအကဲဖြတ်နိုင်သည့် လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရေးစသည့် လုပ်ငန်းကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကော်ဖီနှင့် လက်ဖက်ကိုအခြေခံသော အစုအဖွဲ့များအနေဖြင့် ကုန်ထုတ်သမဝါယမအသင်းများအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးပေးနေမှုများ၊ စုပေါင်းထုတ်လုပ်ခြင်းကြောင့် ဈေးကွက်ဝေစုရရှိနိုင်မှု အားသာချက်များ၊ အရင်းအနှီး မတည်ငွေ စုဆောင်းခြင်း အလေ့အထနှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်မှု အခွင့်အလမ်းများ၊ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများအတွက် ကုန်ထုတ်လမ်းများ၊ ကျေးလက်ဒေသများအတွက် လျှပ်စစ်မီး အသုံးပြုနိုင်ရေး၊ ရေရရှိရေးအပါအဝင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လက်ရှိဆောင်ရွက်နေသော ရှမ်းပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ရှေးအလားအလာများ၊ ကော်ဖီနှင့် လက်ဖက်တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်ချက်များကို ပြည်နယ်အစိုးရအနေဖြင့် အားပေး ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ကော်ဖီနှင့် လက်ဖက်သီးနှံ အစုအဖွဲ့ ကိုယ်စားလှယ်များက လက်ရှိလုပ်ငန်း အတွေ့အကြုံများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ကော်ဖီနှင့် လက်ဖက်သီးနှံ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြရာ ကော်ဖီနှင့် လက်ဖက်သီးနှံ အစုအဖွဲ့ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

  ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပင်လောင်း မြို့နယ် နောင်တရား အာလူးအအေးခန်းသိုလှောင်ရုံသို့ သွားရောက်ကြပြီး အာလူးမျိုးကောင်း မျိုးသန့်များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်တရားလက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံသို့ သွားရောက်ကြပြီး လက်ဖက်အချိုခြောက် ထုတ်လုပ်နေမှုနှင့် နာနတ်သီးခြောက်ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ညနေပိုင်းတွင် ပင်လောင်းမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ပင်လောင်းဥယျာဉ်ခြံတွင် ကော်ဖီနှင့် လက်ဖက်သီးနှံ အစုအဖွဲ့များအား တွေ့ဆုံ၍ ၂၀၂၂ခုနှစ် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် ပင်လောင်းဒေသထွက် ကော်ဖီများက အရည်အသွေး အမြင့်ဆုံးဆု (၃)ဆု ရရှိခဲ့သဖြင့် မိမိဒေသ၏ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားရှိရေး၊ ကော်ဖီနှင့် လက်ဖက်စိုက်ပျိုးရန် ရာသီဥတုနှင့်ရေမြေ အခြေအနေကောင်းရှိသဖြင့် ပင်လောင်းဒေသ၏ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ကော်ဖီနှင့် လက်ဖက် တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် တောင်သူအစုအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ကော်ဖီနှင့်လက်ဖက်သီးနှံ အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြရာ ကော်ဖီနှင့် လက်ဖက်သီးနှံ အစုအဖွဲ့ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)