Skip to main content

လုပ်ကွက်ငယ်တောင်သူများကို လက်တွဲခေါ်ယူပြီး ပိုမိုအားကောင်းသော လယ်ယာစီးပွားလုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းကြရန်လို

နေပြည်တော် ဇွန် ၈

ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တန်ဖိုးမြင့်သီးနှံများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်လာရေး၊ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ အရည်အသွေးမြင့် ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာနှင့် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိက လယ်ယာစီးပွားရေးလုပ်ငန်းရှင်များ အပိုင်းကပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ကွက်ငယ် တောင်သူများကို လက်တွဲခေါ်ယူပြီး ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက် တစ်ပြိုင်တည်း တိုးတက်ထုတ်လုပ်နိုင်သော လယ်ယာစီးပွား လုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းကြရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် HEHO Aesthetic Farm ၏ အာဟာရပျော်ရည်တွင် မြေလွတ်စိုက်ပျိုးထားသည့် အဟာရပြည့်ဝပြီး ဘေးဥပါဒ်ကင်းစင်သော ဆလပ်နှင့် မုန်ညင်းစိုက်ခင်းများ၊ ပျိုးပင်ငယ်များ ပျိုးထောင်ထားရှိမှု တို့ကိုကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလယ်ယာ စီးပွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုနှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

အလားတူ Shan Orchard Myanmar လီမိတက်၏ ထောပတ်သီး စိုက်ပျိုးရေး၊ ဝယ်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ထောပတ်သီးများ လေလွင့်ဆုံးရှုံးမှု လုံးဝမဖြစ်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်သူများ တည်ငြိမ်သောဈေးကောင်းရရှိရေးအတွက် ထောပတ်သီးမှ စားသုံးဆီနှင့် အလှကုန်လုပ်ငန်းသုံးဆီ ထုတ်လုပ်မှုတို့ကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထွက်ရှိလာသည့် ထောပတ်သီးများ၏ တစ်ဝက်ခန့် လေလွင့်ဆုံးရှုံးနေမှုကို လျှော့ချနိုင်ရေးအတွက် ခူးဆွတ်ရမည့် ကာလ၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ ကိုင်းဖြတ်ကိုင်းချန်ခြင်း အပါအဝင် ထောပတ်သီးပင်စိုက်ပျိုးရာတွင် လိုက်နာရမည့် နည်းပညာပေး လုပ်ငန်းများတွင် ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဟဲဟိုး-ဘော်ဆိုင်း လမ်းဘေးဝဲယာတွင် ထင်းရှူးပင်များ စိုက်ပျိုးရေးအတွက် မြေတိုင်းတာခြင်း၊ ပန္နက်စိုက်ခြင်း၊ ကျင်းတူးခြင်းနှင့် အပင်စိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဒေသသာယာလှပရေးအတွက် သစ်ပင်များ စိုက်ပျိုးရာတွင် အပင်များရှင်သန်ပြီး ရေရှည်တည်တံ့စေရန် ဒေသနေပြည်သူများ ပူးပေါင်းဆောင်ရွက်လာရေး အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊  တချိန်တည်းတွင် လမ်းဘေးဝဲယာရှိ ဒေသနေ တောင်သူများအား မြေဆီလွှာထိန်းသိမ်းနည်း၊ မြေအစိုဓာတ် ထိန်းသိမ်းနည်းများ အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးကြရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)