နေပြည်တော် ဇွန် ၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မတော်သေနတ်ပစ်ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဝင်းလွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေရာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်း၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း/ရေ/လေ) သေနတ်ပစ်ပြိုင်ပွဲ အပြည်ပြည်ဆိုင်ရာ ပစ်ခတ်စဉ်များနှင့် ကင်းကွာနေသော သေနတ်ပစ်အားကစားသမားများအား အပြည်ပြည်ဆိုင်ရာ ပစ်ခတ်စဉ်များ၊ နည်းစနစ်၊ နည်းပညာများ၊ ပြိုင်ပွဲလုပ်ငန်းစဉ်များ၊ စည်းကမ်းများနှင့် ပြစ်ဒဏ်များအား သိရှိစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် သေနတ်ပစ် အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် အခြားအပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများ များစွာပေါ်ထွက်ခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ "အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်" ဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားနည်းများစွာထဲမှ သေနတ်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုလက်တွေ့ကျထိရောက်မည် ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် အားကစားသမားများနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်း သင်တန်းအမှတ်စဉ်(၂/၂၀၂၂)ကို ဇွန် ၈ ရက်မှ ၁၄ ရက်အထိ အောက်မြန်မာပြည်ရှိ တိုင်း/တပ်မဌာနချုပ်များမှ သင်တန်းသား (၄၃)ဦး ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ရုံးလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်အတိုင်း မိမိတို့ဌာန တိုးတက်အောင်မြင်စေရန်အတွက် ရုံးလုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ရိုင်းပင်းကူညီသွားကြရန် လိုအပ်ကြောင်း၊ လူငယ်ရေးရာ ဦးစီးဌာနသည် ဌာနအသစ်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေး တင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)