Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် Geographic Information System (GIS) နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း၏ ရပ်ကွက်/ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အလှည့်ကျရောက်ပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယား ပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းစဉ် (၄) ရပ်ဖြင့် လုပ်ငန်းစီမံချက်ရေးဆွဲကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ပြီးစီးနိုင်သမျှသော လုပ်ငန်းများကို လျာထားဆောင်ရွက်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်လုပ်ငန်းအဆင့်(၈)ဆင့်အနက် (က) အခြေခံ ဒေသစာရင်းပြုစုခြင်း၊ (ခ) သန်းခေါင်စာရင်းလုပ်ငန်း အသေးစိတ်စီမံချက် (Project Document) ရေးဆွဲခြင်း၊ (ဂ) သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ (ဃ) GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ (င)မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များပြုစုခြင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့်စနစ် တည်ဆောက်ခြင်း၊ လိုအပ်သောစက်ပစ္စည်း ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း စသည့်အဆင့် (၅) ဆင့်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်ဖွဲ့စည်းခြင်းလုပ်ငန်းတွင် ပထမခြေလှမ်းဖြစ်သည့် ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းနှင့်ပတ်သက်၍ ရှိပြီးသည့် တည်နေရာ Point များအား အတည်ပြုရန်နှင့် မရရှိသေးသည့် တည်နေရာ Point နှစ်သောင်းကျော်ကို ရယူရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာတည်နေရာ Point များအား Tablet များဖြင့် ရယူနိုင်ရေးအတွက် ပထမဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နယ်မြေအတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ သင်တန်းအမှတ်စဉ် (၁) ဖြင့် စာတွေ့ပို့ချခြင်းနှင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းတို့ကို တစ်ပြိုင်တည်း စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သင်တန်း (၃) ကြိမ် ဖွင့်လှစ်ပြီး ရပ်ကွက်/ကျေးရွာ တည်နေရာ Point များရယူခြင်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချသည့် သင်ခန်းစာများကို သေချာလေ့လာ မှတ်သားကာ ကွင်းဆင်းဆောင်ရွက်ရာတွင် အပြည့်အဝအသုံးချပြီး သန်းခေါင်စာရင်းလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ထို့ပြင် ယခု သင်တန်းပြီးဆုံးချိန်တွင် မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများ ပြန်လည်ပြုလုပ်ပေးရန် လိုအပ်ပြီး ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မှသာ Point ကောက်ယူခြင်းလုပ်ငန်းသည် အချိန်မီ ပြီးစီးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၂၆) ဦး တက်ရောက်ကြပြီး စာတွေ့ပို့ချခြင်းနှင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို (၄) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းသင်တန်းသားများကိုလည်း ဆက်လက်ဖွင့်လှစ် ပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)