နေပြည်တော် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၄)၊ ပြင်ဦးလွင်မြို့ရှောင်လမ်းဘေး၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်နယ်မှအရာရှိများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။ သစ်ပင်စိုက်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပေးပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါသစ်ပင်စိုက်ပွဲကို စုစုပေါင်းအင်အား (၁၀၀၀)ဖြင့် ချယ်ရီနှင့် စိန်ပန်းပြာပင် (၁၀၈၀)ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့သည်။ ပြင်ဦးလွင် မြို့နယ်ကို ချယ်ရီမြို့တော် ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် ၂ ပေအထက် ချယ်ရီပျိုးပင် (၄၃,၅၀၀) အပါအဝင် ပျိုးပင်တစ်သိန်းကို လူထုလှုပ်ရှားမှု အသွင်ဖြင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)