ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၂၅၃,၁၆၇) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၃,၄၀၅) ဦး ရှိပြီ ဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည် ကောင်းမွန်လာသူ (၂) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၃၈၇) ဦး ရှိပြီ ဖြစ်ပါသည်။ ယနေ့တွင်လည်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၇-၆-၂၀၂၂) ရက်နေ့ အထိ လူဦးရေစုစုပေါင်း (၃၃,၀၀၄,၇၄၂) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၅,၉၇၇,၂၇၅) ဦး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၇,၀၂၇,၄၆၇) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၂,၂၂၇,၃၅၁) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၇-၆-၂၀၂၂) ရက်နေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၆၂,၂၅၉,၅၆၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ပါသည်။
နိုင်ငံတကာခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှအသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။