Skip to main content

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ (MOU) အရ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၈

မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ (MOU) အရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် MOU အရ အိန္ဒိယနိုင်ငံက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၅)သန်းနှုန်းဖြင့် ၅ နှစ်အတွက် အမေရိကန်ဒေါ်လာ (၂၅)သန်းကို ထောက်ပံ့မည်ဖြစ်ကြောင်း၊ ပထမနှစ် စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် မောင်တောမြို့နယ်၊ ကြိမ်ချောင်းတောင်ကျေးရွာတွင် နေအိမ်အလုံး(၆၀)၊ ရွှေဇားကျေးရွာတွင် နေအိမ်(၁၄၈)လုံး၊ နံ့သာတောင်ကျေးရွာတွင် နေအိမ်(၄၂)လုံး၊ စုစုပေါင်းနေအိမ်(၂၅၀)ကို အိန္ဒိယ နိုင်ငံအစိုးရအစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယနှစ်စီမံကိန်းအဖြစ် အိန္ဒိယနိုင်ငံ အစိုးရနှင့် ညှိနှိုင်းသဘောတူညီပြီးဖြစ်သော စီမံကိန်းလုပ်ငန်း(၁၃)ခုကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် တတိယအကြိမ် အဆိုပြုပေးပို့ထားသော စီမံကိန်း(၁၇)ခုနှင့် စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်း ဆွေးနွေးနိုင်ရန် ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီမှုများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို လစဉ်(သို့မဟုတ်) (၃)လတစ်ကြိမ် စဉ်ဆက်မပြတ်သိရှိပြီး လိုအပ်သောညှိနှိုင်းမှုများအရ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်မည်ဖြစ်သဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် MOU ကို နိုင်ငံတော်ကိုယ်စား လက်မှတ်ရေးထိုးထားသည့်အတွက် MOU ပါအတိုင်း အကောင်အထည်ဖော်နိုင်ရေးတွင် အဓိကတာဝန်ရှိပါကြောင်း၊ လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းစီမံကိန်းများ၏ အကျိုးကို ခံစားရမည့်သူများအတွက် အကျိုးကျေးဇူးများ မြန်ဆန်စွာ ရရှိခံစားကြရမည်ဖြစ်သဖြင့် တာဝန်ရှိဌာန အဖွဲ့အစည်းအသီးသီးက သတ်မှတ်ကာလများအတိုင်း တာဝန်ကျေပွန်စွာဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးနိုင်ရေး ပိုမိုအားထည့် ဆောင်ရွက်ပေးကြပါရန်နှင့်  မိမိတို့အားလုံး အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားကြမည်ဆိုပါက စီမံကိန်းလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းစီမံကိန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက Online မှ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)