Skip to main content

ကရင်ပြည်နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ဘက်စုံပညာထူးချွန်ဆု ၁၅၄ ဆု ချီးမြှင့် ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဘားအံ ဇန်နဝါရီ ၇

အခြေခံပညာရေးကဏ္ဍ ကျောင်းသား၊ ဆရာ၊ မိဘ အားလုံးပါဝင်သော ကရင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲနှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကဏ္ဍအသီးသီးတွင် ထူးချွန်ထက်မြတ်ကြသည့် ကျောင်းသား/သူ၊ ဆရာ/မများ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော် ဂုဏ်ပြုပေးနိုင်ရေးအတွက် ယခုအခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့က ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား မိဘများက အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းလှုပ်ရှားမှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကရင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုရရှိသော ကျောင်းသား/သူ၊ ဆရာ/မများအား ဘက်စုံပညာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၈၄၇ ကျောင်းတွင် ကျောင်းသား/သူ ၃၅၂၆၅၉ ဦး ပညာ သင်ကြားလျက်ရှိရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆရာ/မ ဦးရေ ၁၄၃၉၇ ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဘက်စုံပညာထူးချွန်ဆု ၁၅၄ ဆု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)