နေပြည်တော် ဇွန် ၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင်မြန်မာနိုင်ငံအပူပိုင်း သစ်တောကြိုးဝိုင်းများ၏ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မယ်ညိုတောင် ကြိုးဝိုင်းအကွက်အမှတ် (၁၁)ရှိ (၆/၂၀၂၀) တံခွန်တိုင်ဆည်ရေဝေရေလဲစိုက်ခင်းဧက ၆၀ နှင့် ဝမ်းတွင်းမြို့နယ် မယ်ညိုတောင်ကြိုးဝိုင်း အကွက်အမှတ် (၁၀)ရှိ (၈/၂၀၂၀) ရေဝေရေလဲစိုက်ခင်းဧက ၂၀၀ သို့ရောက်ရှိရာ တာဝန်ရှိသူများက စိုက်ခင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းများရှင်သန်အောင်မြင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မယ်ညိုတောင်စိမ်းလန်းစိုပြည်စေရေးအတွက် မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ရေဝေရေလဲစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ရေရရှိရေးနှင့်မြေဆီလွှာထိန်းသိမ်းကာကွယ်ခြင်း၊ အပူပိုင်းဒေသ ဒေသမျိုးရင်းသစ်မျိုးများနှင့် ဇီဝမျိုးစုံမျိုး ကွဲများကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကို စီမံကိန်းကာလ ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်