နေပြည်တော် ဇွန် ၇
နည်းပညာအခြေပြုသိုလှောင်ရုံထိန်းသိမ်းနည်းစနစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနိုင်ငံများနည်းတူ ရင်ပေါင်တန်းလိုက်ပါဆောင်ရွက်နိုင်မှု တစ်ခုပင်ဖြစ်ပါကြောင်း၊ သိုလှောင်ရုံများတွင် ထိန်းသိမ်းသိုလှောင်ထားရှိသော ထောက်ပံ့ပစ္စည်း များနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်ဝန်ထမ်းများအနေဖြင့် သိုလှောင်ရုံစီမံခန့်ခွဲလုပ်ဆောင်ရာတွင် မူလကအသုံးပြုနေသည့် Manual System နေရာတွင် Online အသုံးပြုထားသော Inventory Management Software ကို စနစ်တကျအသုံးပြုနိုင်စေရန်ဖြစ်ပါကြောင်း၊ မူလကဆောင်ရွက်နေသည့် စာရွက်စာတမ်းအခြေပြုစနစ်မှယခု Electronic စနစ်၊ Computerized စနစ်ကိုအသုံးပြုပြီး စနစ်တကျရေးသွင်းထားရှိခြင်းဖြစ်၍ သိုလှောင်ပစ္စည်းများ ၏ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ အလွယ်တကူသိရှိနိုင်ပြီးစီမံခန့်ခွဲသူများ အနေဖြင့် Online မှတစ်ဆင့် အလွယ်တကူကြည့်ရှု၍ ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ Manual စနစ်ဖြစ်သည့် Bin Card၊ လယ်ဂျာများတွင် စာရင်းရေးသွင်းမှုများ ကိုလည်းဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Manual စနစ်နှင့် Electronic စနစ်တို့ကိုယှဉ်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းတွင်သင်ယူရသည့်InventoryManagement Software ဆိုင်ရာလေ့လာမှတ်သားစရာများကို နားလည်အောင်လေ့လာသင်ယူပြီး စနစ်တကျကိုင်တွယ်အသုံးပြုနိုင်သည်အထိ လေ့ကျင့်ကြရန်၊ မရှင်းလင်းသည်များရှိပါက သေချာမေးမြန်းဆွေးနွေးလေ့ကျင့်ကြရန်နှင့် စဉ်ဆက်မပြတ် အသုံးပြုဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအားလုံးက အလေးထားဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အဓိကတာဝန်တစ်ခုဖြစ်သည့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလမှာ တစ်ကိုယ်ရည်သုံးနှင့် အိမ်သုံးပစ္စည်းထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်ကို ပစ္စည်းခြောက်မျိုး၊ တန်ဖိုးအားဖြင့် ၁၁၀၀ဝ၊ ၂၀၁၃ ခုနှစ်တွင် ပစ္စည်းရှစ်မျိုး၊ တန်ဖိုးအားဖြင့် ၁၅၀၀ဝ၊ ၂၀၁၈ခုနှစ်တွင်ပစ္စည်း ၁၇ မျိုး၊ တန်ဖိုးအားဖြင့် တစ်အိမ်ထောင်လျှင် ၄၀၀၀ဝ မှ ၅၀၀၀ဝ အကြားအထိထောက်ပံ့နိုင်ခဲ့သဖြင့် ၁၀ နှစ်တာ ကာလအတွင်းတွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀ဝ အထိ တိုးမြှင့်ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ Inventory Management Software အသုံးပြုမှုနှင့်ပတ်သက်၍ ကနဦးအနေဖြင့် ဦးစီးဌာန(ရုံးချုပ်)၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်/မန္တလေး)နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အထိ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားသော်လည်း နောင်တွင်ဝန်ထမ်းများအနေဖြင့် Software ကို ကျွမ်းကျွမ်း ကျင်ကျင်အသုံးပြုနိုင်သည့်အခါတွင် ခရိုင်/ မြို့နယ်အဆင့်အထိ အသုံးပြုနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Software လုံခြုံမှုနှင့်ပတ်သက်၍ အသုံးပြုနိုင်သည့် User Level သတ်မှတ်ပေးထားသဖြင့်လုံခြုံရေးကို သေချာသတိထားဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ကြသည်။
သတင်းစဉ်