ရန်ကုန် ဇွန် ၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၀၁၉-၂၀၂၀)၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရဒေါက်တာဘဒ္ဒန္တဆေကိန္ဒ မထေရ်မြတ်အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ၊ (၂၀၁၉-၂၀၂၀) (၂၀၂၁-၂၀၂၂)ပညာသင်နှစ်များတွင် ဒီပလိုမာ (ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပသင်တန်းသားများနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင်တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်များကြွရောက်တော်မူကြသည်။
အစီအစဉ်အရ ခေတ္တပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတ ဓရဒေါက်တာဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာနှင့် သမ္မောဒနိယသန္ဒေသကထာ ချီးမြှင့်တော်မူပြီး အဖွင့်အမှာစကားမိန့်ကြားသည်။
ထို့နောက် ခေတ္တပါမောက္ခချုပ်ဆရာတော်က (၂၀၁၉-၂၀၂၀)၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အောင်လက် မှတ်ရသင်တန်းသားများက အဓိဋ္ဌာန်ပြုကြသည်။
ထို့နောက် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် သင်တန်းအသီးသီးသို့တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်ရဟန်းတော်များအား တက္ကသိုလ်တံဆိပ်ပါကတ္တီပါယပ်များကို လည်းကောင်း၊ သင်တန်းသားသစ်သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီလောဘက်များကိုလည်းကောင်း သင်တန်းသားသစ်များအဖြစ် အသိအမှတ်ပြုသောအားဖြင့် အပ်နှင်းချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာတော်ကမ္ဘာတစ်ဝန်းလုံးတွင်ပြန့်ပွားစေရန်၊ သင်္ဂါယနာခြောက်တန်တင်ထေရဝါဒပိဋကတ်စာပေများကို မူရင်းအတိုင်းသင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံးနိုင်စေရန်၊ အကုသိုလ်ဖြစ်စေမည့် ဒုစရိုက်မှုများကို သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှုများကို သိရှိဖြည့်ဆည်းကျင့်သုံးနိုင်စေရန်၊ ကမ္ဘာတစ်ဝန်းလုံး ဗြဟ္မစိုရ်တရားထွန်းကား၍ ငြိမ်းချမ်းသာယာသည့် လူ့ဘောင်လောကကြီးဖြစ်လာနိုင်စေရန်၊ ပရိယတ္တိဆိုင်ရာပိဋ ကတ်စာပေကျွမ်းကျင်နှံ့စပ်၍ ပဋိပတ္တိဆိုင်ရာအကျင့်သီလနှင့်ပြည့်စုံသော သာသနာပြုပုဂ္ဂိုလ် များတိုးပွားလာစေရန်၊ ထေရဝါဒပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူလိုသည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက်ကိုအထောက်အကူပြုစေမည့် အခြားတက္ကသိုလ်များနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာသို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ထေရဝါဒဗုဒ္ဓသာသနာပြု သင်တန်းအသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အထိ ဒီပလိုမာ (ဗုဒ္ဓဓမ္မ) အောင်လက်မှတ်ရ ပြည်တွင်း၊ ပြည်ပ သင်တန်းသားဦးရေ ၁၁၂၁ ပါး/ဦး၊ ဝိဇ္ဇာ (ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပသင်တန်းသားဦးရေ ၈၀၄ ပါး/ဦး၊ မဟာဝိဇ္ဇာ (ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပသင်တန်းသားဦးရေ ၂၂၈ ပါး/ဦး၊ ပါရဂူ (ဗုဒ္ဓဓမ္မ) ဘွဲ့ရ ပြည်တွင်း၊ ပြည်ပ သင်တန်းသားဦးရေ ၃၆ ပါး/ဦး ရှိပြီဖြစ်ကြောင်းနှင့် တက္ကသိုလ်တွင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိနှင့် ပဋိပတ္တိဘာသာရပ်များအား မြတ်ဗုဒ္ဓ၏ ထေရဝါဒဒေသနာတော်နှင့်အညီ ဦးစားပေး သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်