နေပြည်တော် ဇွန် ၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၌ Tourism vs Skills Development ဟိုတယ်နှင့်ခရီးသွားကဏ္ဍကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ အလုပ်သမား ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများ၊ တက္ကသိုလ်/ ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ နယ်ရုံးခွဲများမှရုံးခွဲတာဝန်ခံများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းမှတက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မေ ၂၆ ရက်တွင်ကျင်းပခဲ့သော အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး၌ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားချက်အရ ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏အရည်အသွေးကို ဖော်ထုတ်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ရာ (၁၂) ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ အထူးသဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နယ်ပယ်ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးရသောလုပ်ငန်းဖြစ်သောကြောင့် ဝန်ထမ်းများ၏ ဘာသာရပ်အပေါ် ကျွမ်းကျင်စွာတတ်ကျွမ်းနားလည်မှုလိုအပ်ပါကြောင်း။
အဓိကအားဖြင့် Personal Skill နှင့် Professi-onal Skill ဟူ၍ ကျွမ်းကျင်မှုအရည်အသွေး နှစ်မျိုးရှိရာ Personal Skill ဖြစ်သည့် Soft Skill များအပြင် Professional Skill ဖြစ်သည့် Hard Skill များသည် လုပ်ငန်းအောင်မြင်မှုအတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့အပြင် လုပ်ငန်းနှင့်ပတ်သက်သော တုံ့ပြန်ချက်များအား ပြန်လည်သုံးသပ်ပြီး လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများပြုလုပ်ခြင်းဖြင့် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အလုပ်သမားဝန်ကြီးဌာနရှိ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ လုပ်သားများ၏ ကျွမ်းကျင်မှုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် NSSA မှ အသိအမှတ်ပြုထားသော ဟိုတယ်နှင့်ခရီးသွားအလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်အကဲဖြတ်သော Assessment Center ၃၅ ခုရှိပြီး Assessor ၄၀ နှင့် Chief Assessor ခုနစ် ဦးဖြင့်လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဟုယုံကြည်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် စိတ်ဝင်တစား လေ့လာမှတ်သား ပြီး ဝိုင်းဝန်းဆွေးနွေးကြခြင်းဖြင့် ရလဒ်ကောင်းများပေါ်ထွက်လာမည်ဟုမျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရန်ဝင်း၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဦးနောင်နောင်လင်းအောင်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်ဒေါက်တာလူမွန်တို့က ကဏ္ဍအလိုက် ဆွေးနွေးရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနမှဝန်ထမ်းများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ ဝန်ထမ်းများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကနှင့်လုပ်သားဈေးကွက်အခြေအနေနှင့် အာဆီယံနှင့်အာဆီယံဒေသတွင်းနိုင်ငံများဆောင်ရွက်ချက်၊ အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်များ စသည့် ခေါင်းစဉ်လေးခုအပေါ် အသီးသီးတင်ပြဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိကထွက်ပေါ်လာသောရလဒ်များအပေါ် သုံးသပ်ဖော်ထုတ်တင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ပါဝင်ဆွေးနွေးကြသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်