နေပြည်တော် ဇွန် ၇
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏(၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်
အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ထိရောက်လျင်မြန်စွာဆောင်ရွက်
ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ပြန်လည်နေရာချထားပြီးနောက် ပြန်လည် ဝင်ရောက်လာသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် စီမံချက်ပါလုပ်ငန်းများအပေါ် ထိရောက်အကျိုးရှိသည့် အကြံပြုချက်များရရှိနိုင်ရေးအတွက်လည်းကောင်း ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရေးဆွဲထားသည့်စီမံချက်များနှင့်အညီ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့အနေဖြင့် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ထိရောက်လျင်မြန်စွာဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက်ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က ပြန်လည်ဝင်ရောက်လာသူများအား လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး
ဆက်လက်၍ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
သတင်းစဉ်