Skip to main content

ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်ရေးအစီအမံများ ချမှတ်အကောင်အထည်ဖော်

မိမိတို့၏ နေ့စဉ်လူမှုဘဝများတွင် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသော်လည်း ၎င်းပစ္စည်းတို့၏ အန္တရာယ်အကြောင်းကို စဉ်းစားမိသူများလွန်စွာနည်းပါးမည် သို့မဟုတ် စဉ်းစားသူမရှိဟုပင် ယူဆနိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ် စတစ်ပစ္စည်းမက်ထရစ်တန်ချိန် သန်း ၃၀၀ ခန့် ထုတ်လုပ်သုံးစွဲနေရာ ထက်ဝက်ခန့်မှာ တစ်ခါသုံးပစ္စည်းများဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ ပလတ်စတစ်သည် ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်သည့် ပစ္စည်းဖြစ်သော်လည်း ကောက်ယူစုဆောင်းပြီး ပြန်လည်ပြုပြင်ထုတ်လုပ် နိုင်မှုမှာလွန်စွာနည်းပါး၍ စွန့်ပစ်မှုနှင့်နေရာအနှံ့အပြားသို့ ပြန့်ကျဲရောက်ရှိနေမှုရာခိုင်နှုန်းက လွန်စွာများပြားသည်။

စွန့်ပစ်ပလတ်စတစ်ပစ္စည်းများဆွေးမြည့်ရန်နှစ်ပေါင်း ၁၀၀၀ ခန့်ကြာမြင့်နိုင်ပြီး ဆွေးမြည့်နေစဉ်အတွင်း အဆိပ်အတောက်ဓာတ်ပစ္စည်းများထွက်လာကာ မြေထုနှင့်ရေထုထဲသို့ စိမ့်ဝင်သွားကြသည်။ ထို့အပြင် မိုက်ခရိုပလတ်စတစ်အပိုင်းအစလေးများမှာ သက်ရှိဇီဝများနှင့် ဂေဟစနစ်တို့အတွက်အန္တရာယ်များ ဖြစ်နေကြပြီဖြစ်သည်။ နှစ်စဉ်ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့် သမုဒ္ဒရာများထဲသို့ စီးဝင်လျက်ရှိရာ ယင်းသို့စီးဝင်သည့်ထဲတွင် မြန်မာနိုင်ငံမှ မက်ထရစ်တန်ချိန်တစ်သိန်းခန့်ပါသည်။ မြန်မာနိုင်ငံမှ တစ်နှစ်လျှင်စွန့်ပစ်ပလတ်စတစ်မက် ထရစ်တန် ၀ ဒသမ ၄၆ သန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာအချက်အလက်များအရ ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အားနည်းသည့်နိုင်ငံများထဲတွင် မြန်မာနိုင်ငံက အဆင့် ၂၀ တွင်ရှိနေသည်။

“ယနေ့ကာလတွင်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ယခုနှစ်မတ်လတွင်ကျင်းပခဲ့သည့်ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာညီလာခံဒုတိယအပိုင်းတွင် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန်သဘောတူညီခဲ့ကြကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍစုံပေါင်းစပ်ပြီး အစီအမံများ ချမှတ်အကောင်အထည်ဖော်လိုက်နာဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ မဖြစ်မနေအသုံးပြုရန် လိုအပ်သည့်နေရာများတွင်သာ ပလတ်စတစ်အိတ်ထုပ်ပိုးမှုနှင့် အသုံးအဆောင်များသာသုံးစေလိုကြောင်း၊ Reuse, Reduce,Recircle ဆိုသည့်တိုက်တွန်းချက်အတိုင်း နိုင်ငံသူ နိုင်ငံသားအားလုံး လိုက်ပါဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများကအထူးအားဖြင့် တိုက်တွန်းဆောင်ရွက်စေလိုကြောင်း” စသည်ဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပလတ်စတစ်ညစ်ညမ်းမှုသည်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လျစ်လျူရှုထား၍မရသည့် အရေးအရာတစ်ရပ်အဖြစ် ဆောင်ရွက်ကြရန်အချိန် ကျရောက်နေပြီဖြစ်သည်။ ပလတ်စတစ်အိတ်များ၊ ဘူးခွက်များအပါအဝင် ပလတ်စတစ်ထုပ်ပိုးကုန်များသုံးစွဲမှု၊ ပလတ်စတစ်တစ်ခါသုံးပစ္စည်းများသုံးစွဲမှုကို တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချသွားပြီး ပိတ်ပင်တားဆီးရန်၊ ပလတ်စတစ် အသုံးအဆောင်များအစား အခြားပစ္စည်းများထုတ်လုပ်သုံးစွဲမှုကို အားပေးမြှင့်တင်ရန်အတွက် ပြည်သူလူထုအား အသိပညာပေးမှုများ မြှင့်တင်ခြင်းမှစကာ လက်တွေ့အကောင်အထည်ဖော်မှုများပြုလုပ်၍ မြန်မာ့ရေ၊ မြန်မာ့မြေတွင် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ပါစေကြောင်း။     ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်