နေပြည်တော် ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမဖြစ်သူ ဒေါ်နွယ်နွယ်စိုး(၄၇)နှစ် (ဘ)ဦးဝင်းမောင်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား ၂၀ ဦးခန့်က Light Truck အဖြူရောင်ယာဉ်ဖြင့်ရောက်ရှိလာပြီး နေအိမ်အားဖျက်ဆီးပြီး ဒေါ်နွယ်နွယ်စိုးအား ဖမ်းဆီးခေါ်ဆောင်၍ လင်းယဉ်ကျေးရွာ ၏အရှေ့ဘက် ၄ မိုင်ခန့်အကွာ လင်းယဉ်-ပဒူသွားကားလမ်းဘေးအနီးအရောက်တွင် ဓားဖြင့်ရက်စက်စွာထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်နွယ်နွယ်စိုးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဒေသခံပြည်သူများအား ဆေးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းသမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။