Skip to main content

တန့်ကြည်တောင်ဘုရားအားဖူးမျှော်ကြည်ညိုရန် လာရောက်သည့်ဘုရားဖူးယာဉ်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံ တရားမဲ့စွာ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူတစ်ဦးသေဆုံး

နေပြည်တော် ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည်ညိုရန်လာရောက်သည့် ဘုရားဖူးယာဉ်အား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့်လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှော်တောမှော်ကျေးရွာနေထိုင်သည့် ဦးမြင့်သန်း (ဘ) ဦးစိန် (၆၉)နှစ်သည် မိသားစုဝင် ၆ ဦးနှင့်အတူ ဧည့်လမ်းညွှန်တစ်ဦးလိုက်ပါ၍ ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ဗူးဘုရား စက်လှေဆိပ်မှစက်လှေဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ဘက်အခြမ်းရှိ တန့်ကြည်တောင်ဘုရားအားဖူးမျှော်ကြည်ညိုရန်သွားရောက်ခဲ့ကြောင်း၊ တန့်ကြည်တောင်ကျေးရွာဆိပ်ကမ်းသို့ရောက်ရှိပြီး Hijet အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘုရားကုန်းပေါ်သို့ ဆက်လက်ထွက်ခွာလာစဉ် နံနက် ၈ နာရီခွဲခန့်တွင် ဘုရားကုန်းလမ်းတစ်ဝက်သို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုများကြောင့် ဦးမြင့်သန်းတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် စက်လှေ၊ ပုဂံလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်တို့ဖြင့် ညောင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့သော်လည်းရရှိဒဏ်ရာဖြင့် နံနက် ၁၀ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ယခုကဲ့သို့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် စိတ်အေးချမ်းသာစွာဘုရားဖူးလာရောက်သည့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုများနှင့်အတူ ဒေသခံပြည်သူများအနေဖြင့် ဝမ်းနည်းစိတ်မကောင်းမှုများဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။