ဘားအံ ဇွန် ၇
ပညာရေးဝန်ကြီးဌာနမှထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငြိမ်းချမ်းရေးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်၏ရင်သွေးငယ်များ ပညာရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးနှင့်ပတ်ဝန်းကျင်ဒေသရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ရာ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူးကလက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်ဒါဇင်(၁၅၀၀)နှင့် KG တန်းမှ Grade 10 ထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။