Skip to main content

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှပြန်လည်ထွက်ခွာ

နေပြည်တော် ဇွန် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုဆောင်ရွက်ခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီ မိနစ်၂၀ တွင် နေပြည်တော်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရစသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များကိုင်ဆောင်၍လည်းကောင်း နေပြည်တော်တပ်မတော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံမြို့သို့ရောက်ရှိကြရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံတိုင်းရင်းသားများက ကျိုင်းတုံလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။