နေပြည်တော် ဇွန် ၅
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများကို ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းမျာ းပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၃ ရက် ည ၈ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား CNA/CDF အမည်ခံအကြမ်းဖက်အဖွဲ့များက PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဆရာ/ဆရာမ နားနေဆောင်၌ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမများ နေထိုင်လျက်ရှိစဉ် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်များက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း ၃ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ နားနေဆောင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
ထို့အတူ ယနေ့နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက် သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ကျောင်းခြံစည်းရိုးအုတ်တံတိုင်း ၂ ပေခန့် ပွင့်ထွက်ကာ ခြံစည်းရိုးအနီးရှိ အဆောက်အဦ အမိုးသွပ် ၃ ချပ်၊ မျက်နှာကျက်၊ တံခါးမကြီးနှင့် ပြတင်းတံခါးများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-အရာတော် ကားလမ်းဝဲဘက် ရွာတုံကျေးရွာလမ်းခွဲထိပ်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ စည်သာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်စိုးမြတ်အေး (၄၄)နှစ် (ဘ)ဦးရန်ရှင်းအား ရင်ညွန့်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရပြီး စုံစမ်းစစ်ဆေးချက်များအရ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဆရာ၊ ဆရာမများ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းအဆောက်အဦများနှင့် အခြားအုပ်ချုပ်မှု အဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။