Skip to main content

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇွန် ၄

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော ပိုက်ကျော်ခြင်းကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng phang နော်တောင်၊ ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏(အကြံပေး)အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ အာရှပိုက်ကျော်ခြင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းဥက္ကဋ္ဌဦးစိုးနိုင်နှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမားမောင်/မယ်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng phang နော်တောင်က (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်း နည်းပြများ၊ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများ၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသည့် ပိုက်ကျော်ခြင်းအားကစားသမားများနှင့် ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအားကစား သမားများကို လည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အာကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်း အမျိုးသားအားကစားသမား ၁၀ ဦး၊ အမျိုးသမီးအားကစားသမား ကိုးဦး၊ အုပ်ချုပ်သူ၊ နည်းပြငါးဦး စုစုပေါင်း ၂၄ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခု၊ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခုနှင့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်လေးခု ရရှိခဲ့ကြောင်းသိရသည်။

သတင်းစဉ်