(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား ဇွန်လ ၃ ရက်နေ့က နိုင်ငံတော်က ဂုဏ်ပြုဆုများချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပေးပြီး ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ၏ အားသာချက်၊ အားနည်းချက်များနှင့် လာမည့်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိရေးအတွက် လမ်းညွှန်မှာကြားအားပေးခဲ့သည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ တွင် အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာအားကစားအဖွဲ့များသည် ပြိုင်ပွဲတစ်လျှောက်တွင် ရေကုန်ရေခန်းအစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှုကြောင့် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခုရရှိကာ ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံရှိသည့်အနက် နိုင်ငံအဆင့် (၇) ရရှိခဲ့သည်။ မြန်မာအားကစားအဖွဲ့များအနေဖြင့် ကျင်ပပြီးစီးခဲ့သည့် (၂၉)ကြိမ်မြောက်၊ (၃၀)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် တိုးတက်မှုများရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် အချို့အားကစားပြိုင်ပွဲများတွင် နည်းစနစ်ပိုင်း၊ သက်လုံပိုင်း၊ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက်များနှင့် အင်ပြည့်အားပြည့် ယှဉ်ပြိုင်မှုတွင် လိုအပ်ချက်များရှိနေသည်ဟု သုံးသပ်ရသည်။ ပြိုင်ပွဲအပြီးတွင် အားနည်းချက်များကို ပြန်လည်ဆန်းစစ်ကြည့်ပြီး နောင်လာမည့်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် မြန်မာအားကစားသမားများ အရေအတွက်နည်းနည်းဖြင့် ပြိုင်ပွဲတစ်ခုလုံး၏ အားကစားနည်းအမျိုးအစား တစ်ဝက်ခန့်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း နိုင်ငံအလိုက်အဆင့်တစ်ခုကို ထိုက်ထိုက်တန်တန်ရယူပေးခဲ့ကြသည့် မြန်မာအားကစားသမားများ၏ ကြိုးပမ်းအားထုတ်မှု၊ ဇွဲလုံ့လ၊ စိတ်ဓာတ်နှင့်အောင်မြင်မှုတို့ကို မှတ်တမ်းတင် ဂုဏ်ပြုရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမားများ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေစဉ်ကာလအတွင်း တာဝန်ရှိသူများက မကြာခဏအားပေးကြသကဲ့သို့ အောင်နိုင်ရေးအလံ အပ်နှင်းသည့်အခမ်းအနားတွင်လည်း အားကစားသမားတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှင့် ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှင့် ဒေါ်လာ ၁၀၀ နှုန်းစီ ချီးမြှင့်ပေးပြီး အားကစားစိတ်ဓာတ်များကို မြှင့်တင်ပေးခဲ့သည်။ ထို့အပြင် ထပ်ဆောင်းချီးမြှင့်မှု အဖြစ် အားကစားပြိုင်ပွဲကျင်းပနေစဉ်ကာလတွင်လည်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၁၀၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ်ရရှိကြသူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်တွင် ဒေါ်လာ ၅၀၀ နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို ဒေါ်လာတစ်သိန်း ချီးမြှင့်ပေးခဲ့ပြီး ထပ်မံ၍ ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
“အားကစားပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးရိုးသားသား ကြိုးစားပြိုင်ပွဲဝင်ခဲ့ကြပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များဆွတ်ခူးရယူပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူရကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်ကြသည့်အတွက် အုပ်ချုပ်သူ၊ နည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန်ဂုဏ်ပြုရခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြောကြားခဲ့သည်။
အားကစားသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို မြင့်မားတိုးတက်စေသည်။ ထို့အပြင် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့် ခိုင်မာပြင်းပြသော စိတ်ဓာတ်များဖြစ်ပေါ်စေသဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေး၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်စေရေးတို့ကို အစဉ်မပြတ်ကြိုးပမ်းဆောင်ရွက်မြှင့်တင်အားပေးလျက်ရှိသည်။ သို့ဖြစ်ရာ အားကစားသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သဖြင့် နိုင်ငံ့ဂုဏ်မြင့်မားရေးအတွက် အားကစားကဏ္ဍမြှင့်တင်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။