နိုင်ငံအလိုက် ယှဉ်ပြိုင်ကြရသည့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မားခြင်းပင်ဖြစ်သည်။ အောင်မြင်မှုမြင့်မားလျှင် မြင့်မားသလောက် နိုင်ငံ၏ဂုဏ်သိက္ခာလည်း မြင့်မားခြင်းပင်ဖြစ်ရာ ပြိုင်ပွဲဝင်နိုင်ငံတိုင်းက မိမိတို့၏အားကစားအဖွဲ့များ ပြိုင်ပွဲတိုင်းတွင် အောင်နိုင်ရေးအတွက် အားပေးမြှင့်တင်မှုများ ပြုလုပ်ကြသည်။ ပွဲမဝင်ခင်အပြင်ကကျင်းပ ဆိုသည့်အတိုင်း ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများဖြင့် အမြင့်ဆုံးအောင်မြင်မှုများရရှိအောင် အောင်နိုင်ရေးစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းစွမ်းဆောင်ကြသည်။
ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့်(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၂၀ တွင် အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဖြင့် သွားရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွှေ ၉၊ ငွေ ၁၈၊ ကြေး ၃၅ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုရရှိကာ ပြိုင်ပွဲဝင် ၁၁ နိုင်ငံတွင် အဆင့် ၇ ရရှိခဲ့သည်။ ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၃ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “အားကစားနှင့်စီးပွားရေး(ငွေကြေး)၊ နိုင်ငံရေးရော၍မရကြောင်း၊ မိမိတို့နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေခြင်းသည် အိုလံပစ်ပြိုင်ပွဲ အဆင့်ဆင့်သာ ဖြစ်ပါကြောင်း၊ SEA Game တွင်သာမဟုတ်ဘဲ အာရှအဆင့်အထိ သွားရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့အဆင့်အထိ သွားရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အပြည့်အဝအားပေးရန် အသင့်ရှိကြောင်း၊ အဆင့်မီသည့် အားကစားသမားတိုင်းသည် နိုင်ငံကိုယ်စားပြုချင်သည့်စိတ်လည်း ရှိရန်လိုကြောင်း၊ ယင်းမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် အားကစားသမားများ အရေအတွက်နည်းနည်းဖြင့် ပြိုင်ပွဲအမျိုးအစား တစ်ဝက်ခန့်ကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအလိုက်အဆင့်တစ်ခုကို ထိုက်ထိုက်တန်တန်ရယူနိုင်ရန် မြန်မာအားကစားသမားများက ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။ အောင်မြင်မှုများ၏ အကြောင်းရင်းခံများတွင် နိုင်ငံတော်၏အားပေးမှု၊ ဖြည့်ဆည်းထောက်ပံ့မှု၊ စိတ်ဓာတ်မြှင့်တင်မှု၊ ဂုဏ်ပြုချီးမြှင့်မှုတို့က အထူးအရေးကြီးသလို အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများ၏ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းယှဉ်ပြိုင်ကြခြင်းကလည်း အရင်းခံကျသည်။ ယခု(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် အားကစားသမားများကို လေ့ကျင့်စဉ်ကာလအတွင်း တာဝန်ရှိသူများ၏ မကြာခဏကြည့်ရှုအားပေးခဲ့ခြင်း၊ အောင်နိုင်ရေးအလံအပ်နှင်း စဉ်ကလည်းကောင်း၊ ပြိုင်ပွဲကျင်းပစဉ်ကာလနှင့် ပြိုင်ပွဲပြန်ဆုရ မြန်မာအားကစားအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ရာတွင်လည်းကောင်း အားကစားသမားများ၊ နည်းပြနှင့် အုပ်ချုပ်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့မှာ ယခင့်ယခင်ပြိုင်ပွဲများနှင့်မတူအောင် ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက် (၃) ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသော ဦးတည်ချက်လည်းပါဝင်ပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်။ အားကစားကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ၏ဂုဏ်သိက္ခာသည်လည်း မြင့်သည်ထက် မြင့်မားလာမည်သာဖြစ်ပါကြောင်း။