Skip to main content

တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော် ဇွန် ၄

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကိုအကြောက်တရား ဖြင့်ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမှတစ်ဆင့် ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် အစောင့်ဖြစ်သူ ဦးနေထူးအောင်(ဘ)ဦးကြည်ရှိန်အား ပစ္စတိုဖြင့်ထောက်၍ ပညာရေးမှူးရုံး အဆောက်အဦအား ၎င်းတို့ အသင့်ယူဆောင်လာသည့် ဓာတ်ဆီများဖြင့်လောင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး လာရာလမ်းအတိုင်းဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပညာရေးမှူးရုံးအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပြီး ပညာရေးမှူးရုံးအတွင်းရှိ ရုံးခန်း ၂ ခန်းနှင့် ရုံးခန်းများအတွင်းရှိ သင်ထောက်ကူပြုပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် ပရိဘောဂများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန်အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။