နေပြည်တော် ဇွန် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အတွင်းရေးမှူး(၂) ဦးအားလူနှင့်ဆက်ဆံရေးနှင့် ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်မှသာလျင် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင် ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်နေ၍မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည်ဖြစ်သည့် အခြေအနေများ၊ မိမိတို့အနေဖြင့် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် NDAA (မိုင်းလား)အဖွဲ့မှ ဝမ်းမြောက်ကြိုဆိုသည့် အခြေအနေများ၊ NDAA(မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက်ရှိသည့် အခြေအနေများနှင့် ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ NDAA (မိုင်းလား)အဖွဲ့မှ ဒေသထွက်လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။