နေပြည်တော် ဇွန် ၄
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ပညာ သင်ကြားနေကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက် ဌာန၊ အဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၌ ယနေ့ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနအဖွဲ့အစည်းအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အဓိက အရေးကြီးဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်ပညာရေးအဆင့်အတန်း မြင့်မားလာစေရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီးက အလေးထားကြိုးစား ဆောင်ရွက်နေသည့်အတွက် မိမိတို့ရင်သွေးငယ်များကို ပညာထူးချွန်ပြီး နှလုံးရည်ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ဝန်ထမ်းများ၏မိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၄,၄၃၀ တို့အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း အောင်စာရင်း ထုတ်ပြန်ပြီးပါကလည်း ဝန်ထမ်းများ၏ ထူးချွန်စွာအောင်မြင်သည့် သားသမီးများကို ပညာရည်ချွန်ဆုချီးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးဌာနရှိ ဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ ဇနီးကလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးမှ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်း မိသားစုများ၏ ရင်သွေးငယ် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူ ၁၄,၄၃၀ တို့အတွက် ကျောင်းစိမ်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်