Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုအခါ လေဆိပ်အတွင်း ပြည်တွင်းပြည်ပခရီးသည် ဝင်ရောက်မှုများ ရှိလာပြီဖြစ်ရာ သက်ဆိုင်ရာဌာနများက မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍမှ ဝန်ဆောင်မှု ပြုကြရာမည် ဖြစ်ပါကြောင်း၊ လေဆိပ်ပရဝဏ်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး တက်ညီလက်ညီ စုပေါင်းလုပ်ကိုင်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်အင်္ဂါရပ်နှင့်ညီစွာ ကြိုးပမ်းဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်သို့ရောက်ရှိရာ ဘွဲ့နှင်း သဘင်ခန်းမအတွင်း တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမများ၊ လက်တွေ့ ကွင်းဆင်းကြမည့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံရာ၌ ဤဘာသာရပ် နယ်ပယ်တွင် သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကဘာသာရပ်သာမက သာသာစကားနှင့် အိုင်တီနည်းပညာများကိုပါ စနစ်တကျကြိုးစား သင်ကြားထားကြရမည် ဖြစ်ကြောင်း၊ သို့မှသာလုပ်ငန်းခွင်သို့ ဝင်ရောက်ကြသည့်အချိန်တွင် အဆင်သင့် ဖြစ်ကြမည်ဖြစ်ကြောင်း၊ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း ထူးချွန်သည့် လူရည်ချွန်၊လူရည်မွန်များဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ Pullman Hotel ၌ ကျင်းပပြုလုပ်သည့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း (Barrier Free Tourism) အထောက်အကူပြု ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ထို့နောက် အာဆီယံခရီးသွားလုပ်ငန်းဆု ၂၀၂၂ အစီအစဉ်အရ ချီးမြှင့်ခံရသည့် ဟိုတယ်များအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Enchanting Myanmar Health and Safety Protocol အရ အမျိုးသားအဆင့်ရရှိသည့် ဟိုတယ်များအား အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည် ဟိုတယ်ဝန်ထမ်းများကို တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံမှုကို ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ရွှေနန်းထိုက်ဟိုတယ်၌တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးကပြင်ဦးလွင် ပတ်ဝန်းကျင်တွင် ယခုထက် ပိုမိုအားကောင်းသည့် ဆွဲဆောင်မှုများရှာဖွေ ဖေါ်ထုတ်ခြင်းဖြင့် ဧည့်သည်များ အများအပြား ပိုမိုလာရောက်နေထိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း Barrier Free Tourism အထောက်အကူပြု ဝန်ဆောင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ဟိုတယ်ဇုံရှိ ဟိုတယ်ဝန်ထမ်းများကို တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုကို လည်းကောင်း၊ ပြင်ဦးလွင်ရွှေစံအိမ် ဟိုတယ်ရှိ Governor House နှင့် ပတ်ဝန်းကျင်မြေ အခင်းအကျင်း စီမံထားမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုကာ လိုအပ်သည်များမှာကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့ Heritage Bagan ဟိုတယ်၌ ကျင်းပပြုလုပ်သော အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း Barrier Free Tourism အထောက် အကူပြုဝန်ဆောင်မှုသင်တန်းနှင့် ပြည်တွင်းခရီးသွားများအား လိုက်လံရှင်းလင်းပြသသူများသို့ အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ်မြောက် ပုဂံဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံမှုကို လည်းကောင်း၊ နန်းမြင့်မျှော်စင်အား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်တွင်းပြည်ပ ခရီးသွားများအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်