နေပြည်တော် ဇွန် ၄
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ပညာရေးအဖွဲ့ဝင်များ၊ ဆရာဆရာမများ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် တက်ရောက်ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို စိမ်းလန်းဝေစည်ကျောင်းတော်ဆီ သီချင်းဖြင့် ကျောင်းသား ကျောင်းသူများက သီဆိုဖွင့်လှစ်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အခြေခံစီးပွားရေးဖြစ်သော လယ်ယာကဏ္ဍနှင့်စပ်လျဉ်းပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို အားပေး လုပ်ဆောင်လျက် ရှိကာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရေးကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကိုဗစ်-၁၉ ကပ်ရောဂါဖြတ်ကျော်ကာလအတွင်း လယ်ယာ သားငါး ကဏ္ဍမှ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု GDP တန်ဖိုး ၂၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်တန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ အဆိုပါ အောင်မြင်မှုများအပါအဝင် တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေများ မြင့်တက်လာစေရန်မြေပြု ပြင်စိုက်ပျိုးသည်မှ ဈေးကွက်သို့ တင်ပို့ရောင်းချပြီး၊ စားသုံးသူလက်ရောက် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျောက် ပါဝင် ပတ်သက်နေကြသော စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ဘွဲ့ရများ၏ စုပေါင်းစွမ်းအားများက အဓိကပါဝင်ခဲ့ရာ တက္ကသိုလ်နှစ်ခု၏ကဏ္ဍမှာ များစွာအရေးပါသည်ကို တွေ့ကြရမှာဖြစ်ကြောင်း။
တက္ကသိုလ်များအနေဖြင့် ရေဆင်းဒေသတွင် ဆည်တမံများ၊ စိုက်ကွင်းများ၊ သုတေသန ဌာနများနှင့် နီးကပ်စွာ အတူယှဉ်တွဲ တည်ရှိနေသည့်အတွက် စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ကြားသင်ယူရန် ပြည့်စုံသော ပညာရေးဝန်းကျင်ကောင်းတစ်ခုအဖြစ် တည်ရှိနေကြောင်း၊ စာသင်ဆောင် အိပ်ဆောင်များနှင့် တက္ကသိုလ်ပရဝုဏ်တွင် WiFi အပြည့်အဝ အသုံးပြုနိုင်ရေးနှင့် ပညာရေးကွန်ယက်များ၊ စာကြည့်တိုက်ကွန်ယက်များ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်၍ ဆက်သွယ်ရေးနည်းပညာကို အကျိုးရှိစွာအသုံးချပြီး နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် အချိန်ကိုစနစ်တကျ စီမံခန့်ခွဲနေထိုင်တတ်သည့် အလေ့အထကောင်းများ လေ့ကျင့်ပျိုးထောင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ချမ်းသာ ပျော်ရွှင်စွာနေထိုင်ရေး၊ အများအကျိုးလိုလားစွာ ဆောင်ရွက်လိုသူများဖြစ်စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောစားသောက်နေထိုင်မှုဖြစ်စေရေး၊ ပညာရေးကို အာရုံစိုက်လေ့လာကြပြီး မိမိတို့ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သူများဖြစ်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထောက်ပံ့သည့် အားကစားပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ကြရာ ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူများ၏ တေးသရုပ်ဖော်တင်ဆက်မှုကို အားပေးကြည့်ရှုပြီး ပထမနှစ် ကျောင်းသား ကျောင်းသူကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ် ကျောင်းသား (၁၆၇)ဦး၊ ကျောင်းသူ (၂၅၁)ဦး၊ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ဦးစီးဌာနအသီးသီးမှ လုပ်ငန်းခွင်ထူးချွန်(၃၀)၊ ကျောင်းအလိုက်ထူးချွန် ဒီပလိုမာလက်မှတ်ရ(၈၃)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူအသစ် (၅၃၁)ဦး ပညာသင်ယူလျက်ရှိကြောင်း၊ အလားတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် ပထမနှစ်ဆေးပညာသင်တန်း ကျောင်းသား (၃၈) ဦး၊ ကျောင်းသူ (၇၅) ဦး၊ ပထမနှစ်မွေးမြူရေးပညာသင်တန်း ကျောင်းသား (၂၆) ဦး၊ ကျောင်းသူ(၄၃) ဦး၊ စုစုပေါင်း ပထမနှစ် သင်တန်းသား (၁၈၂)ဦး ပညာသင်ယူလျက်ရှိကြောင်း၊ တက္ကသိုလ် နှစ်ရပ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၁၃)ဦး တက်ရောက် ပညာသင်ယူလျက်ရှိသဖြင့် ရာနှုန်းပြည့် ကျောင်းအပ်လက်ခံ သင်ကြားပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်