Skip to main content

မြန်မာ့စီးပွားရေးဘဏ် လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဇွန် ၃

ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အပြည့်အဝပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရည်ရွယ် ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေးဘဏ် လက်ထောက် မန်နေဂျာများ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် နိုင်ငံတော်ပိုင် ဘဏ်ကြီးတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် အစိုးရဌာန ဆိုင်ရာအားလုံး၏ ငွေစာရင်းများကို ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ၏ ပင်စင်လစာများ၊ ဆုကြေး ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများအပေါ် ကုစားရေးအတွက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်နှင့်စပ်လျဉ်း၍ သတ်မှတ်ရေးဆွဲ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းမှ ပို့ချပေးလိုက်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို ကောင်းစွာသိရှိနားလည်ပြီး လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် သေချာစွာ မှတ်သားလိုက်နာ ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ခေတ်နှင့်အညီ IT နည်းပညာဖြင့် ဆောင်ရွက်သည့် Core Banking စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်၍ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြည်သူများက အစဉ်အားထား ယုံကြည်ရသည့် ဘဏ်တစ်ခုဖြစ်၍ ယင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ဘဏ်နှင့် ဆက်သွယ်သူပြည်သူများကို စေတနာ ထားကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အပြည့်အဝ ပံ့ပိုး ကူညီဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း ပြောကြားသည်။

ငါးပတ်ကြာမြင့်

ယခုဖွင့်လှစ်သည့်သင်တန်းသို့ မြန်မာ့စီးပွားရေး ဘဏ်တွင် လက်ထောက်မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်