Skip to main content

ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂) အား ဓားပြတိုက်မှုကျူးလွန်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား အချိန်တို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၃

NUG ၊ CRPH အပါအဝင် ၎င်းတို့၏ လက်အောက်ခံဖြစ်သော PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ ဘဏ်များအား လက်နက်ကိုင်ဆောင် အကြမ်းဖက်ဝင်ရောက်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)အား ယနေ့ညနေပိုင်းတွင် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဓားပြ တိုက်လုယက်သွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဘားအံ-မြိုင်ကြီးငူ ကားလမ်း၊ ကြို့ချောင်းကျေးရွာ စစ်ဆေးရေး ဂိတ်အနီး၌ လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ အချိန်တို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ယာဉ်မောင်း သီဟ မောင်းနှင်၍ မောင်မောင်ဦး၊ ကျော်ကျော်၊ ကိုကြက်နှင့် ကုလားတို့ လိုက်ပါလာသည့် Honda odessy အမျိုးအစား မော်တော်ယာဉ်သည် ယနေ့ညနေ ၃ နာရီခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းရှိ CB ဘဏ်ခွဲ(၂)သို့ ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၁၂၅၄ သိန်းကို ယူဆောင်၍ ထွက်ပြေးသွားခဲ့သည့်အတွက် ဓားပြတိုက်မှုအား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်၍ ပိတ်ဆို့နိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ အကြမ်းဖက်အဖွဲ့သည် ဘားအံ-မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ရာ ကြို့ချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရန်ရပ်တန့်စေခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့သည်။

ထိုသို့ ခြောက်လှန့်ပစ်ခတ်စဉ် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်မှာ လမ်းဘေးရှိ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းဖြစ်သူ သီဟအား အသေဖမ်းဆီး ရမိကာ မောင်မောင်ဦးနှင့် ကျော်ကျော် တို့ကို Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ငွေကျပ် ၁၂၅၄ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သံလွင်လမ်း၊ အိမ်အမှတ် (၇၇)နေ မောင်မောင်ဦး၊ (၂၆)နှစ် (ဘ) ဦးအောင်မော်သည် လူမှုကွန်ရက်တွင် ခင်မင်ခဲ့သည့် မနှင်း ဆိုသူ အမျိုးသမီးနှင့် ချိတ်ဆက်၍ ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်ကျေးရွာသို့ လွန်ခဲ့သည့် ၃ လခန့်ကရောက်ရှိကာ အဆိုပါကျေးရွာရှိ CDM လှုပ်ရှားသူများနှင့်အတူ နေထိုင်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ နေထိုင်စဉ် ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သီဟ ဆိုသူက ဆက်သွယ်လာပြီး အလုပ်လုပ်မည်ဟု ပြောဆိုကာ သီဟအပါအဝင် အမျိုးသား ၄ ဦးက ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် Honda Odessy အမျိုးအစား မော်တော် ယာဉ်ဖြင့် ကျေးရွာမုခ်ဦးသို့ လာရောက်ခေါ်ဆောင်၍ ထွက်ခွာခဲ့ရာ ဘားအံမြို့သို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ ၎င်းနောက် CB Bank အား ဓားပြတိုက်ပြီး ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၅ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ ကျော်ကျော် (၂၁) နှစ် (ဘ) ဦးကျော်ဇောမှာ ယခင်က စားသောက်ဆိုင်များတွင် လိုက်လံသီချင်းသီဆို လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် CDM ပြုလုပ်ထားသည့် ကျောင်း ဆရာမဖြစ်သူ မစု ဆိုသူနှင့်ခင်မင်ခဲ့ပြီး ၎င်း၏ချိတ်ဆက်ပေးမှုကြောင့် ရှမ်းရွာသစ် ကျေးရွာသို့ ရောက်ရှိ၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ ရောက်ရှိစဉ် ယခင်က ခင်မင်ခဲ့ဖူးသည့် ဘားအံမြို့နေ ထက်မြက်ဆိုသူ၏ ချိတ်ဆက်ပေးမှုဖြင့် ယခု ဘဏ်ဓားပြတိုက် မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ထွက်ပြေးလွတ် မြောက်သွားသူ နှစ်ဦးမှာ ရှမ်းရွာသစ်တွင် နေထိုင်လျက်ရှိသူ PDF အမည်ခံအကြမ်းဖက်သမားများဖြစ်သည့် ကိုကြက်နှင့် ကုလားတို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အကြမ်းဖက်သမားများအားလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။