Skip to main content

အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ တစ်နိုင်ငံလုံး ၉၃ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်

နေပြည်တော် ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများနှင့် ကိုယ်ပိုင်းကျောင်းများ၌ အသီးသီး စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများကို အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။

ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၆၃၁၈၃၈)ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိရာ တစ်နိုင်ငံလုံး ကျောင်းတက်ရာခိုင်နှုန်း အနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း အခြေခံပညာဦးစီဌာနမှ သိရှိရသည်။

အခြေခံပညာမူလတန်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၄ ဒသမ ၂ သန်း ဖြစ်ပြီး တက်ရောက်သူ ၃ ဒသမ ၉ သန်း၊ အခြေခံပညာအလယ်တန်းတွင် ကျောင်းအပ်နှံထားသူ ၁ ဒသမ ၃ သန်းဖြစ်ပြီး တက်ရောက်သူ ၁ ဒသမ ၂ သန်း၊ အခြေခံပညာအထက်တန်းတွင် ကျောင်းအပ်နှံထားသူ ၄ ဒသမ ၁ သန်းဖြစ်ပြီး တက် ရောက်သူ ၃ ဒသမ ၈ သန်း၊ စုစုပေါင်း ကျောင်းအပ်နှံသူ ၆ သန်းဖြစ်ပြီး တက်ရောက်သူ ၅ ဒသမ ၆ သန်းဖြစ်ရာ တက်ရောက်သူ ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကျောင်းတက်ရောက်ကြသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များနှင့် Faceshield များ စနစ်တကျတပ်ဆင်စေပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးစေခြင်း တို့ကို ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအသီးသီးမှ တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်- ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများ အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။