Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၃၁)အကြီးစားစက်ရုံ (သရက်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၃

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ အမှတ် (၃၁)အကြီးစားစက်ရုံ (သရက်)သို့ ရောက်ရှိစစ်ဆေးသည်။

ဦးစွာ စက်ရုံ၌ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများရရှိရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန်၊ စက်ရုံ၌ ရှိပြီးနည်းပညာများ တိမ်ကောပျောက်ပျက်မှုမရှိစေရေးအတွက် ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးရန်၊ စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စိတ်ဝင်စားမည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်ရန်၊ အမှတ် (၃၁) အကြီးစား စက်ရုံ(သရက်)သည် အစဉ်အလာကြီးမားပြီး သမိုင်းကြောင်းကောင်းခဲ့သည့် စက်ရုံဖြစ်သည့်အတွက် ရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ နိုင်ငံတကာတွင် နိုင်ငံတော်ပိုင်စက်ရုံများကို အသွင်ကူးပြောင်းရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကိုလေ့လာ၍ မိမိတို့ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲချမှတ်ရန်၊ ဝန်ထမ်းများကို ဘိလပ်မြေ ထုတ်လုပ်သည့် ခေတ်မီနည်းပညာရပ်များနှင့် ထုတ်လုပ်မှုနည်းစဉ်များ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ရန် မှာကြားပြီး စက်ရုံမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုန်ကြမ်းထုံးကျောက်များ ထုတ်ယူခဲ့မှုနှင့် ကျန်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ဘိလပ်မြေထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်နှင့် စက်ရုံအတွင်းရှိ အရည်အသွေး စစ်ဆေးရေးဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။

အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)အား (၁၉၃၅)ခုနှစ်တွင် စတင်တည်ဆောက်၍ မီးသင်းဖို (၃) လိုင်းဖြင့် တစ်နေ့လျှင် တန် (၁၁၀၀) ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှုနည်းစဉ် အနေဖြင့် ထုံးနှစ်ရည် နည်းစဉ် (Wet Process)ဖြင့် ဘိလပ်မြေများကို ထုတ်လုပ်သည်။ အစို နည်းစဉ်ဖြင့် ဘိလပ်မြေ (၁)တန်ထုတ်လုပ်လျှင် လျှပ်စစ်ဓာတ်အား (၁၂၃ ဒသမ ၈၇)ယူနစ်ခန့် သုံးစွဲရပြီး အခြောက် နည်းစဉ်ဖြင့် ဘိလပ်မြေ (၁)တန် ထုတ်လုပ်လျှင် ယူနစ်(၉၀)ခန့်သာ သုံးစွဲရသည်။ ထို့ကြောင့် စက်ရုံအနေဖြင့် အစိုနည်းစဉ်ဖြင့် ဘိလပ်မြေများ ထုတ်လုပ်လျှင် ထုတ်လုပ်မှုစရိတ် မြင့်မားသောကြောင့် စီးပွားရေးတွက်ခြေကိုက်မှုမရှိသဖြင့် ထုတ်လုပ်မှု နည်းစဉ်ပြောင်းလဲ၍ ဘိလပ်မြေများ ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)