Skip to main content

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၈၀၀၃၉၅ ဦးရှိ

ရန်ကုန် ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းအခြေခံပညာဦးစီးဌာနအောက်ရှိ ထက်/လယ်/မူကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိသတ်မှတ်၍ ကျောင်းအပ်နှံမှုလက်ခံခြင်းများကိုဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံမှု စတင်လက်ခံသည့် ၈ ရက်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၈၀၀၃၉၅ ဦးရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်ကျောင်းများကို ယနေ့စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်လန်းဆန်းစွာ ကျောင်းစတင်တက်ရောက်ကြသည်ကို တွေ့ရသည်။

ကျောင်း၏လုံခြုံရေးနှင့် ကျောင်းတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးဦးကျော်မိုးထွန်းက “ဒီနေ့ ဇွန် ၂ ရက်နေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေပြန်ဖွင့်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ကျောင်းတွေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးနေပါတယ်။ ဒီနေ့ ကျွန်တော့်အနေနဲ့ အထက (၁) သာကေတ၊ အထက သုဝဏ္ဏ၊ အထက (၁) လသာကျောင်းတွေကို ကြည့်ရှုအားပေးပါတယ်။ ဒီနှစ်ကျောင်းသားတွေ ကျောင်းတက်တာ မနှစ်ကထက်ပိုများလာတာ တွေ့ရပါတယ်။ ဆရာ၊ ဆရာမတွေကလည်း ကျောင်းသားဦးရေများလာတဲ့အတွက် ဝမ်းသာကြောင်းပြောပါတယ်။ ဒီနှစ်ကျောင်းသားတွေကို ၅ နှစ်ကနေ ၁၂ နှစ်၊ ၁၂ နှစ်ကနေ ၁၅ နှစ်၊ ၁၅ နှစ်ကနေ ၁၈ နှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမှာပါ။ ဆေးထိုးတဲ့အခါမှာ မိဘအုပ်ထိန်းသူ သဘောတူညီချက်ရယူပြီးတော့ မိဘသဘောတူတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုး ပေးမှာဖြစ်ပါတယ်။ ဒီနေ့ ကျောင်းတွေရဲ့ သင်ကြား၊ သင်ယူမှုစနစ်တွေ၊ စာသင်ခန်းတွေကို အဓိကကြည့်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းသားဦးရေ မျှတမှု ရှိ၊ မရှိ၊ ဆရာအင်အားပြည့်စုံမှု ရှိ၊ မရှိ၊ ကျောင်းသုံးဖတ်စာအုပ်လုံလောက်မှု ရှိ၊ မရှိ ဒါတွေကို အဓိကထားပြီးကြည့်ရှုပါတယ်။ ဒီနေ့အထိ ကျောင်းအပ်လက်ခံတာတွေရှိပါတယ်။ ကျောင်းလာရောက်အပ်နှံမှုမရှိသေးတဲ့ မိဘတွေအနေနဲ့ ကျောင်းလာအပ်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။

သူငယ်တန်း (KG)အပါအဝင် (Grade-12)အထိ စုစုပေါင်း အတန်း ၁၂ တန်းကို သင်ကြားရမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5၊Grade-8နှင့် Grade-11 တို့အတွက် ဘာသာရပ်အလိုက်သင်ရိုးသစ်များကို ဆရာ၊ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနက သင်တန်းများ ပို့ချပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပညာရေးမှူးဒေါ်စုစုခင်က “မြို့နယ်တွေအနေနဲ့ ဆရာ၊ ဆရာမလိုအပ်ချက်ရှိပါတယ်။ အဲဒီလိုအပ်ချက်ကို ကျွန်မတို့ ပြင်ပကခေါ်ယူဖြည့်တင်းထားတဲ့ ဆရာ၊ ဆရာမတွေလည်း မကြာခင်မှာအော်ဒါထွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်တန်းပြ လိုအပ်ချက်အတွက် ဌာနတွင်းမှာရှိနေတဲ့ ဆရာ၊ ဆရာမတွေကို B.Ed သင်တန်း တစ်နှစ်ကို နှစ်ကြိမ်တက်ရောက်ဖို့ စီမံထားပါတယ်။ လစ်လပ်နေတဲ့နေရာတွေမှာ အပြောင်းအရွှေ့၊ ရာထူးတိုးတွေကိုလည်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရှိနေတဲ့ ဆရာ၊ ဆရာမအင်အား နဲ့ဆောင်ရွက်တဲ့အခါမှာ ကျောင်းသားအင်အားများလာရင်တော့ ပုံမှန်တစ်ချိန်တက်နေရာကနေ နှစ်ချိန်ကျောင်းပြောင်းမလား။ ကလေးတွေသင်ကြားသင်ယူမှုအဆင်ပြေစေနိုင့်မယ့် နည်းလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ဌာနဆိုင်ရာတွေ ပူးပေါင်းစီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အထက(၁)လသာကျောင်းအုပ်ကြီးကလည်း “အထက(၁) လသာမှာ မနေ့ကအထိ ကျောင်းအပ်ထားတဲ့ ကျောင်းသား ကျောင်းသူ ၈၃၀ ရှိပြီး ဒီနေ့ ကျောင်းတက်တာ ၇၉၆ ယောက်ရှိပါတယ်။ ကျောင်းမတက်သေးတာ အနည်းအကျဉ်းပဲရှိပါတယ်။ မနှစ်ကထက်စာရင် ကျောင်းသားဦးရေ သုံးချိုးနှစ်ချိုး တက်ရောက်ပြီဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသားဟောင်းတွေဖြစ်တဲ့အတွက် လာအပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ မနှစ်ကမတက်တဲ့ ကျောင်းသားတွေကိုလည်း ဒီနှစ်လာအပ်တဲ့အခါ မတက်ဖြစ်တဲ့ ကျောင်းသားအချင်းချင်း ပြန်ထားပေးပါတယ်။ အဲဒီလို စီစဉ်ထားပေးပါတယ်။ လေးထပ်ကျောင်း ဆောင်ကြီးရယ်၊ စာကြည့်တိုက်ရယ်ကို ကျောင်းသား ဟောင်းကြီးတွေက ဦးဆောင်ဆောက်လုပ်ပေးထားတာပါ။ စာကြည့်တိုက်က နိုင်ငံတကာ အဆင့်မီ e-Library ဖြစ်ပါတယ်။ နောက်ပြီးကျောင်းသားဟောင်းကြီးတွေက တစ်လတစ်ခါ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေးပါတယ်။ ပညာရေးကလူတစ်ဦး၊ နိုင်ငံတစ်ခုသာမကဘဲနဲ့ ကမ္ဘာ့အပြောင်းအလဲနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအခန်းကဏ္ဍက ပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျောင်းသားတွေကို ကျောင်းပုံမှန်တက်ပြီး ပညာတတ်ဖြစ်ဖို့၊ ပညာသင်ကြားဖို့၊ ဆရာကြီးတို့က ကျောင်းတက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုလက်ရှိ လသာမြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော်အပ်ထားပြီး ဖြစ်ပါတယ်။ မကြာခင်အတွင်းမှာ ကျောင်းသား၊ ကျောင်းသူတွေကို ၅ နှစ်ကနေ ၁၂ နှစ်၊ ၁၂ နှစ်ကနေ ၁၅ နှစ်၊ ၁၅ နှစ်ကနေ ၁၈ နှစ် သုံးပိုင်းခွဲပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီလို ဆေးထိုးပေးတဲ့အခါ မိဘဆန္ဒ ရှိမှ ထိုးပေးမှာပါ။ ဆေးမထိုးလည်း ကျောင်းတက်လို့ ရပါတယ်”  ဟု ပြောသည်။

ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်သက်ဆိုင်ရာကျောင်းများအလိုက် စာသင်ခန်းများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းရေး ကိုလည်း အလေးထားဆောင်ရွက်ထားရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ရေးအနေဖြင့် Mask ၊ Face Shield များ ပေးဝေထားပြီး သတိပေးစာ၊ ကြေညာချက်၊ ဗီနိုင်းများချိတ်ထားခြင်း၊ စာသင်ချိန်အတွင်း လိုက်နာရမည့်အချက်များ ချိတ်ဆွဲထားခြင်း၊ လက်ဆေးဘေစင်များနှင့် အမှိုက်ပုံးများ စနစ်တကျထားရှိပေးထားခြင်းတို့ကို ဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။

သင်္ဃန်းကျွန်းမြို့နယ်ပညာရေးမှူးဦးသိန်းထွန်းက “အခု ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ကလေးတွေပညာသင်ကြားနိုင်ဖို့အတွက် စာသင်ခန်းမှာ ခုံစီတာကအစ ၅ ပေ ၆ ပေခြားပြီးစီ ပါတယ်။ ကိုဗစ်ကလျော့သွားတာမှန်တယ်။ ပျောက်သွားတာမဟုတ်တော့ ခု ကိုဗစ်စည်းကမ်းနဲ့ အညီ ပြင်ဆင်ဆောင်ရွက်ထားတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး စီစဉ်ထားတာက မတော်တဆများ ကလေးတွေနေထိုင်မကောင်းဖြစ်တယ်ဆိုရင် သီးသန့်အခန်း၊ ဆေးပေးခန်းလိုမျိုး ကျောင်းဝင်း မှာပြင်ဆင်ထားတယ်။ ကလေးက အကယ်၍များ သတ်မှတ်အပူချိန်ထက်များနေမယ်ဆိုရင် ကလေးကိုခေါ်မယ်၊ ဆေးတိုက်မယ်၊ လိုအပ်ရင်ကျန်းမာရေးဌာနနဲ့ချိတ်ဆက်ပြီး ဆက်လက် ဆောင်ရွက်မယ်။ ခုက ကလေးတွေအတွက် ပညာရေးရော၊ ကျန်းမာရေးရော၊ လုံခြုံရေးရော အစစအရာရာ ဂရုစိုက်ဆောင်ရွက်ရပါတယ်” ဟု ဆိုသည်။

အထက(၁)လသာ ကျောင်းသားတစ်ဦးက “နွေရာသီကျောင်းပိတ်ထားပြီး အခုကျောင်းပြန်ဖွင့်တော့ စာသင်ရတာ၊ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာ ပျော်ရွှင်မိပါတယ်။ အဲဒီလိုအပျော်က ကျွန်တော့်အတွက် ဘာနဲ့မှနှိုင်းဆလို့မရပါဘူး။ Grade-9 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံအပြင် ပန်းချီ၊ ဂီတ၊ စိုက်ပျိုးရေးတွေ တွဲဖက်သင်ရပါတယ်။ ဒီနေ့ ကျောင်းစဖွင့်တဲ့ရက်မှာ ကျောင်းသားအားလုံး ပျော်ရွှင်စွာကျောင်းတက်နေတာ တွေ့ရတဲ့အ တွက်အတိုင်းမသိကြည်နူးဝမ်းသာမိပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သွန်သင် ဆုံးမမှုတွေနဲ့အတူ ကျောင်းသား၊ ကျောင်းသူတွေက ဆက်လက်ပညာကြိုးစားသင့်ပါတယ်လို့ ပြောကြားချင်ပါတယ်။ သားရဲ့အနာဂတ်ရည်မှန်းချက်ကတော့ မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့ မြန်မာဗိသုကာပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်။ အခြေအနေအရပ်ရပ် ကြောင့် ကျောင်းလာမတက်သေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျောင်းလာတက်စေချင်ပါတယ်။ ကျောင်းမတက်ရင် ပညာသင်ခွင့်၊ အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်ပြီး မိမိရဲ့ဘဝ တက်လမ်းတွေ၊ ပျော်ရွှင်မှုတွေလည်း ဆုံးရှုံးမှာပါ။ ဒါကြောင့် သူငယ်ချင်းတွေကျောင်း လာတက်ကြဖို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

အထက(၂)လသာ ဆရာမတစ်ဦးက ယခုပညာသင်နှစ်တွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားဦးရေ ပိုများလာသည်ကို တွေ့ရသည့်အတွက် ဝမ်းသာကြောင်း၊ ယနေ့အထိ ကျောင်းအပ်လက်ခံနေကြောင်း၊ လာအပ်သူများလည်းရှိကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ်အတွင်း၌ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း လေးကျောင်းအပါအဝင် အခြေခံပညာကျောင်း ၂၇၅၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၂၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၁၉ ကျောင်း စုစုပေါင်း ၃၂၀၇ ကျောင်းရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် ၃၇ မြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများဖွင့်လှစ်ထားရှိပြီး မူလတန်းအဆင့် ၁၃၃ ကျောင်း၊ မူလွန်အဆင့် ၈၈ ကျောင်း၊ အလယ်တန်းအဆင့် ကိုးကျောင်းရှိပြီး ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

သတင်း - ချိုကြီး

ဓာတ်ပုံ - ကိုကိုဇော်