ရန်ကုန် ဇွန် ၁
ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ - နိုင်ငံအဆင့် (10th Asean Quiz – National Level) ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio (A) ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၀ ဦးနှင့် အခြေခံပညာကျောင်းများမှ ကြည့်ရှုအားပေးကြသည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အာဆီယံသီချင်း (ASEAN Anthem) ကို ဖွင့်လှစ်၍ အာဆီယံအလံအား အလေးပြုကြသည်။
လူငယ်သုံးဦး ရွေးချယ်ရန်
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ - ဒေသအဆင့် (10th Asean Quiz – Regional Level) တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်သုံးဦးအား ရွေးချယ်နိုင်ရန်အတွက် ယခုလိုနိုင်ငံအဆင့် ပြိုင်ပွဲကျင်းပခြင်း ဖြစ်ကြောင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းကြောင့် အခွင့်အလမ်းကောင်းများ ရရှိနိုင်ကြောင်း၊ ပြိုင်ပွဲဝင်များ အနေဖြင့် ကြိုးကြိုးစားစားဖြင့် ယှဉ်ပြိုင်ကြစေလိုပါကြောင်း၊ အောင်မြင်စွာဖြေဆို နိုင်ကြပါစေကြောင်းနှင့် ရလဒ်ကောင်းများ ဆက်လက်ရရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များက အာဆီယံ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် အခမ်းအနားမှူးများက အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၀ ဦးက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ဆက်လက်၍ အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို စတင်ကျင်းပရာ အလှည့်ကျဖြေဆိုသည့် စနစ် နှစ်ကြိမ်နှင့် ဦးသူဖြေဆိုသည့်စနစ် နှစ်ကြိမ် စုစုပေါင်းလေးကြိမ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို အထက (၁) ဒဂုံမှ မောင်ပြည့်စုံချမ်းသာကလည်းကောင်း၊ ဒုတိယဆုကို အထက (၁) ဒဂုံမှ မောင်ဟိန်းလင်းထက်က လည်းကောင်း၊ တတိယဆုကို အထက (၁) ဘားအံမှ မနှင်းပွင့်အောင် ကလည်းကောင်း၊ စတုတ္ထဆုကို အထက (၈) အောင်မြေသာစံ (မန္တလေး) မှ မမေသဲဖြူအုန်းကလည်းကောင်း၊ ပဉ္စမဆုကို အထက (၁) ဒဂုံမှ မရွှန်းလဲ့ဝေ တို့ကလည်းကောင်း အသီးသီး ရရှိကြပြီး အဆိုပါဆုများကို ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အသီးသီး ချီးမြှင့်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အကဲဖြတ်ဒိုင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက် ကာ အာဆီယံ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ − နိုင်ငံ အဆင့် ကျင်းပမှုကို ရုပ်သိမ်းလိုက်သည်။
နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်မည်
အာဆီယံ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (ASEAN Quiz) ကို အာဆီယံ ဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတများကို အာဆီယံ မျိုးဆက်သစ် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိ နားလည်နိုင်စေရန်နှင့် အာဆီယံ နိုင်ငံများအကြား မိတ်ဆွေအဖြစ် ဆက်ဆံရေးများ၊ အပြန်အလှန် နားလည်မှုများ မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အာဆီယံနိုင်ငံများက နှစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျ အိမ်ရှင်စနစ်ဖြင့် ၂၀၀၂ ခုနှစ်မှ စတင်၍ လက်ခံကျင်းပ ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံ အလှည့်ကျရောက်စဉ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် online စနစ်ဖြင့် ပြောင်းလဲကျင်းပခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းသွားပြီး ကာကွယ်ဆေး ထိုးနှံမှုများ ဆောင်ရွက်လာနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှုများ ပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမှုကို (In Person) စနစ်ဖြင့် ဖိတ်ခေါ် ကျင်းပရန် အာဆီယံနိုင်ငံများက သဘောတူဆုံးဖြတ်ခဲ့ကြသဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ အာဆီယံဒေသတွင်း အဆင့်ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ကျောင်းသား ကျောင်းသူ ၄၃ ဦး အမည်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ရွေးချယ်ပေးခဲ့ပြီး ယင်းအနက် ရောက်ရှိသတင်းပို့သူ ၃၄ ဦးအား ရေးဖြေစာမေးပွဲ ဖြေဆိုခြင်းနှင့် လူတွေ့မေးမြန်းခြင်းများ ပြုလုပ်ကာ ၁၀ ဦးကို ဦးစွာ ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲစနစ်ဖြင့် ဆက်လက်ယှဉ်ပြိုင်စေကာ ငါးဦးကို ပဏာမ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့ကို စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်ပြီး အကဲဖြတ် ဒိုင်အဖွဲ့က သုံးဦးကို ထပ်မံရွေးချယ်ကာ အာဆီယံဒေသ အဆင့်ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်