နေပြည်တော် ဇွန် ၁
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား မေ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) မှ အထူးကု ဆေးအဖွဲ့များသည် ကိုကိုးကျွန်းမြို့နယ် အနီးတစ်ဝိုက် ဒေသများနှင့် တနင်္သာရီကမ်းရိုး တန်းဒေသများဖြစ်သော ကျွန်းစု၊ စခန်းသစ်၊ ဝဲကျွန်း၊ ပြင်စဘုကျွန်း၊ ပုလဲကျွန်း၊ ဝါးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်းအပေါ် ဆိပ်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှု အနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၄၄ ဦး၊ ခွဲစိတ်ရောဂါ ၈၆၅ ဦး၊ သားဖွား မီးယပ်ရောဂါ ၈၂၄ ဦး၊ ကလေး ရောဂါ ၈၂၂ ဦး၊ အရိုးရောဂါ ၇၆၃ ဦး၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ ၆၈၅ ဦး၊ မျက်စိရောဂါ ၈၀၃ ဦးနှင့် သွားရောဂါ ၇၃၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈၀၄၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာ ၁၂၂ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၂၅၀ တို့ကို ဆေးရုံ ရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှု များ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၈၂ ဦး၊ Ultrasound ရိုက်လူနာ ၅၆၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၅၉၉ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၇၅၄ ဦးနှင့် ကွန်ပျူတာ ဓာတ်မှန်ရိုက်လူနာ ၃၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် လေးဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ဝင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်းက ပေးအပ်ခဲ့ပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သော တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ် သည် (၁၃) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၁၂၅၀၀ တို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း ၌ ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးတို့ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်