Skip to main content

အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူပြီး အခွန်ထမ်းသစ်များရရှိရေး ဆောင်ရွက်ကြရမည်

ပဲခူး ဇွန် ၁

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးရခြင်းဖြစ်သဖြင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများနှင့် ကြွေးကျန်များ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူပြီး အခွန်ထမ်းသစ်များရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေ ၃၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် တိုင်းဒေသကြီးအဆင့် အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသုံးပရိဘောဂနှင့် အားကစားပစ္စည်းများ ပြည့်စုံစေရေးနှင့် လုံခြုံရေးအလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့အတူ အခြေခံပညာ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်၍ ပျိုးပင်များ ကြိုတင်စုဆောင်း ထားရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် ပြုစုထိန်းသိမ်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ရသင့်ရထိုက်သည့် အခွန်ငွေနှင့် ကြွေးကျန်များ ကောက်ခံနေမှုနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ နွေရာသီ စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေနှင့် ကြွေးကျန်များ ကောက်ခံရရှိမှု၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ အေးချမ်းတည်ငြိမ်စွာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်