Skip to main content

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်ချက်

နေပြည်တော် ဇွန် ၁

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်း ကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီ းဖြစ်ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ အသေးစိတ် သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအနီးမှ မပေါက်ကွဲသေးသည့် 91 အမျိုးအစား လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိရသဖြင့် စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူအမည်မသိ အမျိုးသားမှာ ရှပ်အင်္ကျီ အဝါရောင်လက်ရှည်၊ ပုဆိုး အပြာနုကွက်စိပ်၊ အနက်ရောင် လျှာထိုးဦးထုပ်တို့ ဝတ်ဆင်ထားပြီး ဘေးလွယ်အိတ်အနက်ရောင် တစ်လုံးအား ရင်ဘက်တွင် ကပ်၍လွယ်ကာ အနော်ရထာလမ်းအတိုင်း ပန်းဆိုးတန်းလမ်းဘက်မှ ဘားလမ်း ကားမှတ်တိုင်ဘက်သို့ လမ်းလျှောက်လာပြီး “Cover King” ဖုန်းအပိုပစ္စည်းအရောင်းဆိုင်အရှေ့မှ ဖြတ်သွားပြီး တစ်မိနစ်ခန့်အကြာ ဘားလမ်းကားမှတ်တိုင်အရောက်တွင် အနော်ရထာ လမ်းဘက်သို့ မျက်နှာမူ၍ရပ်ကာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ တစ်စုံတစ်ခုအားနှိုက်ယူစဉ် အဆိုပါလွယ်အိတ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင် းဖြစ်ကြောင်း လုံခြုံရေး အထောက်အကူပြု မှတ်တမ်းများအရ တွေ့ရှိခဲ့ရသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန်အတွက် လူနာတင်ယာဉ်များ ရောက်ရှိလာပြီး သယ်ဆောင်စဉ် အဆိုပါအမျိုးသားမှာ ပုဆိုးနှင့် အင်္ကျီအောက်တွင် အနက်ရောင်တီရှပ်အင်္ကျီနှင့် အနက်ရောင် ကွာတာဘောင်းဘီတိုတို့အား အောက်မှခံ၍ ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏ ဝမ်းဗိုက်တွင် ရရှိထားသော ဒဏ်ရာများအနက် ၎င်း၏ရင်ဘက်၌ ကပ်၍လွယ်ထားသည့် လွယ်အိတ်နေရာတွင် ရရှိထားသည့် ဒဏ်ရာများမှာ ပိုမိုပြင်းထန်နေသည်ကို တွေ့ရှိခဲ့ရသည်။

၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေဆုံးခဲ့သူ အမျိုးသားနှင့် ပတ်သက်ပြီးစိစစ်ခဲ့ရာ ၎င်းမှာဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်၊ ရတနာသိဒ္ဓိလမ်း၊ အမှတ်(၁၄၁/ခ)နေ အောင်ကြီး (ခ) ထိန်လင်းထွန်း (၂၆) နှစ်(ဘ) ဦးတင်ထွန်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ လက်နက်ခဲယမ်းများအား ရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း ၎င်းကိုင်ဆောင်သည့် Redmi 5A နှင့် Oppo F3 Plus အမျိုးအစား လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး Oppo F3 Plus ဖုန်းအတွင်းမှ ၎င်း၏ သူငယ်ချင်းဖြစ်သူ PDF အကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဆိုသူနှင့် KNU လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန်၊ မြို့ပေါ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး အဖျက်အမှောင့် ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များ လုပ်ဆောင်မည့် အခြေအနေများအား မေးမြန်းပြောဆိုထားသည်များကို Screenshot ရိုက်၍ သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် အောင်ကြီး (ခ) ထိန်လင်းထွန်းသည် PDF အကြမ်းဖက် အဖွဲ့နှင့် ဆက်နွယ် ပတ်သက်သူဖြစ်ပြီး အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေကြေ ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲရန် လက်လုပ်မိုင်းအား သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်ခိုင်းစေသူ၊ ပူးပေါင်းပါဝင်သူများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။